မိုအာနာ ကာတွန်းကားလေးနဲ့ပတ်သက်ပြီး သင်မသိသေးတဲ့အချက်( ၈ ) ချက်

Moana ဆိုတာ တကယ်တမ်းတော့ ကာတွန်းကားလေးတစ်ကားထက်အများကြီးပိုပါတယ် …။  တေးသံစုံ ..၊ စွန့်စားခန်း ..၊ ရှေးဟောင်းဒဏ္ဍာရီလာအဖြစ်တွေကိုအခြေတည်ပြီးဖန်တီးထားတဲ့ 3D ကာတွန်းရုပ်ရှင်လေးပါ ..။

Moana ဆိုတဲ့ Soundtrack လေးတောင် US ရဲ့ Billboard 200 မှာ နံပါတ်၂ ချိတ်ခဲ့တယ်လို့ ၂၀၁၆ နိုဝင်ဘာ ၁၈ က Billboard ဇယားအရသိရတယ် …။

ကဲ … စပြီးပြောရအောင် …။

( ၁ ) မိုအားန ဟာ တကယ်တမ်းတော့ ဟာဝေယံကျွန်းကစတဲ့ဒဏ္ဍာရီမဟုတ်

သေချာလေ့လာထားတဲ့ မှတ်တမ်းဇယားတွေ အရ မိုအားနရဲ့ဒဏ္ဍာရီဟာ တောင်ပစိဖိတ်ဒေသကအစပြုခဲ့တယ်လို့ဆိုတယ်။ ဆာမိုအာ၊ ဖီဂျီ နဲ့ တွန်ဂါကျွန်းသူကျွန်းသားတွေရဲ့ပါးစပ်ဒဏ္ဍာရီတစ်ပုဒ် …၊ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ လောက်က ဒီကျွန်းတွေပေါ်မှာအခြေချနေထိုင်သွားတဲ့ ပိုလီနီးရှန်းလူမျိုးပင်လယ်ပျော်တွေရဲ့ရေကြောင်းခရီးပုံပြင်တွေထဲကတစ်ခုလို့လဲဆိုတယ်။

( ၂ ) မိုအားန ဟာ စတုတ္တမြောက်မင်းသမီးလေးတစ်ပါး

မိုအားန ရုပ်ရှင်ကိုဦးဆောင်ဖန်တီးခဲ့တဲ့ ဇာတ်ညွှန်းဇာတ်အိမ်ဖန်တီးမှု၊ ရိုက်ကူးရေး နဲ့ ညွှန်ကြားရေးအပိုင်းတာဝန်ယူထားတဲ့ Clements နဲ့ Musker တို့အဖွဲ့  မိုအားန မတိုင်ခင်ဖန်တီးခဲ့တဲ့မင်းသမီးလေးတွေရှိခဲ့ဖူးတယ် …။

Princess Ariel ( The Little Mermaid ), Princess Jasmine ( Aladdin ), Princess Tiana ( The Princess and the frog ) ကာတွန်းရုပ်ရှင်တွေဖြစ်တယ် …။ အဲဒီရုပ်ရှင်တွေက ကျွန်တော် တို့ငယ်ငယ်ကတည်းကကြည့်ခဲ့တဲ့ကာတွန်းကားလေးတွေ …၊ 2D ဆိုပေမဲ့ သူ့ခေတ်သူ့အခါကတော့ Lion King တို့ Brother Bear တို့လိုပဲ ကောင်းခဲ့တဲ့ဇာတ်ကားလေးတွေပါ …။

ဆိုတော့ကာ အဲဒီမင်းသမီးလေးတွေပါထည့်ပေါင်းလိုက်မယ်ဆို မိုအားန က ဂျူနီယာအကျဆုံး၊ အငယ်ဆုံး စတုတ္ထမြောက်မင်းသမီးလေးပေါ့ ….။

( ၃ ) မာဝီ ရဲ့အကြောင်းကိုလည်းရောမွှေထား

မိုအားနရုပ်ရှင်ဟာ တစ်ဦးတစ်ယောက်တည်းကိုပဲ ကိုယ်စားပြုတာမဟုတ်ပါဘူး …။ တောင်ပစိဖိတ်ဒေသရဲ့ ဒဏ္ဍာရီအများအပြားထဲက နတ်ဘုရားတစ်ပိုင်းဖြစ်တဲ့ မာဝီ ရဲ့စွန့်စားခန်းနဲ့သူ့ရဲ့ဒဏ္ဍာရီလာ မှော်ဝင်ချိတ်ကောက်ကြီးအကြောင်းကိုလည်းတစ်စွန်းတစဖော်ပြထားတာတွေ့ရတယ် …။

တကယ်တမ်းကြည့်ရင် Tafiti ရဲ့နှလုံးသားကိုခိုးယူသွားခဲ့လို့ကျိန်စာသင့်နေတဲ့မာဝီ …။ မာဝီကောင်းမှုအကြောင်းပြုပြီးမိုအားန တို့ကျွန်းကိုပါကပ်ဆိုက်တော့ Tafiti နှလုံးသား ကိုမူလပိုင်ရှင်ဆီပြန်ပေးဖို့တာဝန်ပေးခြင်းခံရတဲ့ မိုအားန …။

သေချာစဉ်းစားရင်ဒီဇာတ်လမ်းရဲ့ မြစ်ဖျားအစဟာ မိုအားန မဟုတ်ပဲ ဆေးထိုးသူ ကိုမာဝီရဲ့ဇာတ်လမ်းဖြစ်နေတာတွေ့ရမှာဖြစ်တယ်။

( ၄ ) တေးသံစုံကာတွန်းရုပ်ရှင်

ဇာတ်ကားအစကနေစလို့ အလယ် အဆုံးထိ တေးသီချင်းသရုပ်ဖော် ..၊ တေးသီချင်းနဲ့ဒဏ္ဍာရီလာအကြောင်းအရာတွေကိုပုံဖော်သွားတယ် ….။

မာဝီရဲ့သူ့ကိုယ်သူကိုယ်ရည်သွေးခန်းတွေ၊ မိုအားနရဲ့ဘွားဘွားကြီးသီချင်းဆိုကခုန်ရင်းပြောပြတဲ့ဇာတ်လမ်းတွေ၊ မိုအားနတို့ရဲ့ပင်လယ်ပျော်ဘိုးဘေးတွေအကြောင်း၊ မိုအားနတို့ရွာလေးအကြောင်း၊ မိုအားနရဲ့ ပထမဆုံးပင်လယ်ခရီးအစ ….၊ အဲဒါတွေအကုန်လုံးဟာတေးသရုပ်ဖော်တွေချည်းပဲ …။

ကျွန်တော့်အမြင်အရပြောမယ်ဆို တေးသီချင်းနဲ့ ဇာတ်လမ်း က ၅၀:၅၀ အချိုးရှိတယ်လို့ထင်တယ်။

( ၅ ) ဆယ်ကျော်သက်မိုအားန ဇာတ်ကောင်လေးရဲ့နောက်ကွယ်ကဆယ်ကျော်သက်အသံသရုပ်ဆောင်

အော်လီအီ ခရာဗေးယို ...။

အသက် ၁၆ နှစ်အရွယ် အထက်တန်းကျောင်းသူ ..၊ မိုအားန အသံသရုပ်ဆောင်ရှင်ရွေးချယ်ဖို့ Online ကကြော်ငြာကြည့်မိချိန်မှာ လျှောက်ထားသူတွေများလွန်းလို့ ငါမပါလောက်ပါဘူးလေ ဆိုပြီးစိတ်ပျက်ခဲ့ …။ မိခင်တိုက်တွန်းလို့online ကနေ အသံစစ်ဆေးမှုအတွက် လျှောက်လွှာတင်တော့လည်း နောက်ကျ …။ ဒါပေမဲ့နောက်ဆုံး Result တွေထွက်လာချိန်မှာတော့ လျှောက်ထားသူတစ်ရာကျော်ထဲက သူမကို ဘုတ်အဖွဲ့ကရွေးချယ်ခဲ့ ….။ ကိုဟာလာဒေသ၊ ဟာဝိုင်ယီကျွန်းရဲ့ငယ်မွေးခြံပေါက် ..။ တရုတ် နဲ့ အိုင်းရစ်ရှ်သွေးနှော .. ဟာဝေယံကျွန်းဒေသခံဘာသာစကား ..၊ ပွာတိုရီကန်ဘာသာစကား ..၊ တရုတ်စကား နဲ့ အင်္ဂလိပ်စကားကိုကျွမ်းကျင်စွာပြောတတ် …။

Moana soundtrack .. Gone Fishing soundtrack တွေဟာသူမသီဆိုထားတဲ့ အဓိက Theme song တွေပေါ့။

 

( ၆ ) အော်လီအီ ရဲ့အကြိုက်ဆုံး Disney Idol

ကျွန်တော်တို့ပြောနေတာက ရုပ်ရှင်နဲ့ပတ်သက်လို့စာဖတ်သူသတိမထားမိတဲ့အချက်တွေပါ ….။

အခုပြောမဲ့အကြောင်းကလည်း စာဖတ်သူသတိမထားမိတဲ့အချက်လို့ ယူဆပါတယ် …။ အော်လီအီ ရဲ့ အကြိုက်ဆုံး Disney Idol ကတော့ Hua Mulan ပါတဲ့ …။ Mulan ကိုတော့ စာဖတ်သူတော်တော်များများသိပြီးသားဖြစ်မှာပါ ….။ စိန့် နိုင်ငံတော်ကို ဟန်လူမျိုးကျူးကျော်သူတွေလက်ထဲကနေကယ်တင်ခဲ့တဲ့သူရဲကောင်းမလေး ဟွာမူလန် ရဲ့အကြောင်းကိုဖော်ကျုးထားတဲ့ကာတွန်းရုပ်ရှင်ဖြစ်ပါတယ် …။

 ( ရ ) ချစ်စဖွယ်အိမ်မွေးတိရစ္ဆာန်လေးတွေ

ဒါကတော့ အားလုံးလည်းသတိထားမိမှာပါ …။

မိုအားန ကာတွန်းထဲမှာပါတဲ့ ချစ်စရာသတ္တဝါလေးတွေဆိုရင် ဝက်ပေါက်လေး Pua နဲ့ တလွဲတွေချည်းလုပ်တတ်တဲ့ ဂေါက်သီးကြက်ကလေး Hei Hei တို့ပဲဖြစ်ပါတယ် …။ 

ရုပ်ရှင် Poster ကို စကြည့်မိတော့ ဝက်ကလေး Pua ကိုဇာတ်လမ်းတောက်လျှောက်ပါမယ်လို့ထင်ခဲ့တာ …။ ဒါပေမဲ့ hei hei လဲသူ့ဟာသူကောင်းနေ ..၊ ရယ်နေရတာပဲမဟုတ်လား …။ ကျွန်တော်က ကာကာမိုအာ ပင်လယ်ဓါးပြအုန်းသီးကောင်လေးတွေပါထည့်ချင်တာဗျား …။ အိမ်မွေးတိရစ္ဆာန် မဟုတ်လို့သာ :3

( ၈ ) သမုဒ္ဒရာ ကိုလည်းချန်ထားလို့မရ

“ သမုဒ္ဒရာဆိုတာ ငါတို့နဲ့ကွဲထွက်နေတာမဟုတ်ဘူး ….။ တစ်သားထဲဖြစ်နေတာ “ လို့ပစိဖိတ်ကျွန်းဒေသရဲ့ဆိုရိုးရှိတယ် ..။ အဲဒီဆိုရိုးလေးကိုအခြေခံပြီး Clements နဲ့ Musker တို့က သက်ရှိသမုဒ္ဒရာကိုဖန်တီးခဲ့တယ် …။

မိုအားနကလေးဘဝတည်းက သမုဒ္ဒရာဟာ မိုအားနရဲ့ကစားဖော်ဖြစ်ခဲ့တယ် …။ မိုအားန ရဲ့ပင်လယ်ခရီးမှာ သမုဒ္ဒရာကလည်းသူမရဲ့အနားမှာအမြဲတမ်းရှိနေခဲ့တာပဲ …။ ဒီတော့ရှိသမျှဇာတ်ကောင်တွေပြောပါဆိုရင် သမုဒ္ဒရာ ကိုလည်းချန်ထားခဲ့လို့မဖြစ်ဘူးပေါ့။

 ကဲ .. သိကြပြီ ဟုတ် ....။

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။