အလုပ်ခွင်တစ်ခုမှာ စိတ်ဝင်စားမှုအပြည့်ရှိနေစေဖို့ အကြံပေးစာ

တစ်နေ့ တစ်နေ့ဒါကြီးပဲလုပ်နေ .... မိုးလင်းရင် အိပ်ယာထ ...၊ အလုပ်သွား...။စာရွက်စာတမ်းတွေတစ်ထပ်ကြီးရယ် နောက်ပြီး Data တွေပြည့်နှက်နေတဲ့ Computer ရှေ့မှာထိုင်။ တစ်နေကုန်ဒါတွေနဲ့ရှုပ်ပြီး အလုပ်ဆင်း ...။
အိမ်ရောက်တော့လည်း စိတ်ပင်ပန်းလူပင်ပန်းနဲ့ ဘာမှမလုပ်ချင်တော့ အိပ်ယာထဲဝင်ခွေ … ။
ဒီလိုနဲ့ပဲ ပုံစံခွက်တစ်ခုထဲမှာ ကျင်လည်နေတဲ့ပုံစံခွက်လူသားတွေဖြစ်မှန်းမသိဖြစ်လာခဲ့တယ် ....။
ပျော်ရွှင်မှုဆိုတာဘာလဲ လို့တောင်မေးယူရမယ့်အနေအထား .. ..။မရယ်တာ မပြုံးတာတော်တော်ကြာခဲ့ပြီမဟုတ်လား။


တကယ်တော့ ပျော်ရွှင်မှုဆိုတာ ကိုယ်စိတ်ပါဝင်စားတဲ့အရာကို ပြုလုပ်နေရခြင်းလို့ပဲ ကျွန်တော်ကတော့ခံယူတယ် ...။ စိတ်မပါလက်မပါ နဲ့ ကိုယ်စိတ်မဝင်စားတဲ့အရာတစ်ခုအပေါ်မှာ အချိန်ပေးနေရတာမျိုးကိုမလိုချင်ဘူး ။ ကျွန်တော်တို့ဟာ အသွေးအသားနဲ့ဖန်တီးထားတဲ့လူသားတွေဖြစ်တယ်...။ ခံစားချက်တွေရှိကြတယ်ဆိုတော့ကာ ကိုယ်လိုချင်တဲ့အနေအထားတစ်ခုကိုကိုယ်တိုင်ဖန်တီးယူလို့ရပါတယ်......။ ပုံစံသွင်းခံရအောင် ရွှံ့တုံးတွေမှမဟုတ်ပဲဗျာ ....။

ကိုယ်စိတ်ဝင်စားတဲ့အလုပ်ကိုပဲရွေးချယ်ပါ

မင်းဘာလုပ်ချင်တာလဲ ...? နောက်ဆယ်နှစ်နေရင်ရော မင်းဘာတွေဖြစ်လာမယ်လို့မှန်းထားလဲ ....။
အဲဒီလိုမျိုးရေရှည်စီမံချက်ရှိရင် စိတ်ဝင်စားတဲ့အလုပ်မျိုးကိုပဲရွေးချယ်သင့်တယ်....။
တစ်ချို့ကျတော့လည်း စိတ်မဝင်စားတဲ့အလုပ်အပေါ်မှာပဲ စိတ်နှစ်ပြီးတော့ကြိုးစားရင်း အောင်မြင်သွားတာမျိုးတွေရှိတယ်။
ထားပါတော့ ....ကိုယ်ဖြစ်ချင်တာက စာရင်းကိုင်၊ ဖြစ်နေတဲ့အနေအထားက Marketing ။
စကားတွေများများစားစားသိပ်မပြောချင်ဘူး ... စကားပြောရတာအမှားပါတတ်လို့။
အာရုံနောက်တတ်တဲ့လူမျိုးဆိုရင် လက်ရှိလုပ်နေရတဲ့အနေအထားတစ်ခုမှာခင်ဗျားပျော်နိုင်ပါ့မလား။
အလုပ်ထဲကိုစိတ်နှစ်ထားရင် ပျော်ဖို့ကောင်းပါတယ်လို့မပြောပါနဲ့ ....။
လိမ်တာတွေထဲမယ် ကိုယ့်ကိုကိုယ်လိမ်တာက အဆိုးဆုံးနဲ့အထိအနာဆုံးပဲဗျ .... ဟုတ်တယ်ဟုတ် ....။

စိတ်ဝင်စားတဲ့အရာအပေါ်မှာပဲအာရုံစိုက်

ဆိုတော့ကာ စိတ်မဝင်စားတဲ့အရာတွေကို ဥပေက္ခာပြုခိုင်းတယ်ပေါ့လေ ....မဟုတ်ပါဘူး ....။
စိတ်မဝင်စားတဲ့အရာတွေအပေါ်မှာ အာရုံစူးစိုက်မှု ၃၀ ရာခိုင်နှုန်းပေးထားတယ်ဆိုပါစို့ ...။
ဒါဆိုခင်ဗျား ချစ်တဲ့ စိတ်ဝင်စားတဲ့အရာအပေါ်မှာ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းစလုံးကို ပုံအောပြီးအလုပ်လုပ်ပစ်လိုက် .. .။
ကိုယ်ဘယ်လောက်ထိ ခရီးရောက်လာတယ်၊ ဘယ်လောက်ထိ တိကျသေချာမှုရှိတယ်၊ ဘယ်လောက်ထိ အရည်အချင်း ရှိတယ်ဆိုတာကို ခင်ဗျားအာရုံစူးစိုက်ပြီးလုပ်ခဲ့တဲ့အရာတွေအပေါ်မှာပဲမူတည်ပြီးဆုံးဖြတ်ကြတာပါ ...။

နောက်ကြောင်းမလှည့်စတမ်း

ကောင်းမယ်ထင်လို့လုပ်တယ်။ တစ်လောကလုံးက ကိုယ့်ကိုဝိုင်းကန့်ကွက်ကြပေမယ့် ကိုယ်ကြိုက်တဲ့အရာပေါ်မှာ လုံးဝဥသုံ ယုံကြည်ပြီးခြေစုံပစ်ဝင်လိုက်တယ်ဆိုတော့ ...အဲဒီအရာနဲ့ပတ်သက်ပြီး ဆိုးသည်၊ ကောင်းသည် မှန်သမျှဟာ ခင်ဗျားအပေါ်မှာပဲအပြည့်အဝမူတည်သွားပြီ။
ငါမှားလေခြင်းလို့ငိုနေရင်၊ နောက်ကြောင်းပြန်လှည့်ချင်ရင် ခင်ဗျားရွေးချယ်တဲ့အလုပ်ရဲ့အမှားမဟုတ်တော့ဘူး။
အမှားက ခင်ဗျားကိုယ်တိုင်ဖြစ်တယ်။ အဖြစ်မရှိ အသုံးမကျတဲ့သူဟာ ခင်ဗျားကိုယ်တိုင်ပဲဖြစ်တယ်လို့မှတ် ....။
သောမတ်စ်အယ်လ်ဖာ အက်ဒီဆင်ကြီး လျှပ်စစ်မီးသီးကိုတီထွင်တယ်။ အကြိမ်တစ်ထောင်မက စမ်းသပ်မှုတွေလုပ်ပြီးမှ နောက်ဆုံးသူလိုချင်တဲ့အနေအထားကိုရတာလေ ...။
နောက်ကြောင်းလှည့်ရင် အနောက်မှာ ပေတစ်ရာချောက်ကလွဲလို့ ဘာမှမရှိဘူးမှတ်ဗျ ....။

လုပ်နိုင်တဲ့အရာကိုပဲတာဝန်ယူ

ကောင်းပြီ ....။
ပစ္စည်းပို့လဲ ငါပဲ .. ဟိုသွားဒီသွားလဲ ငါ...ဘဏ်မှာ ငွေသွင်းငွေထုတ်လဲ ငါ ...
ငါ ငါ ငါ နဲ့ တစ်ငါထဲငါ နေတော့ ဂါရင်လဲငါပဲ ဂါသွားမှာပေါ့။
ရှိသမျှအလုပ်အကုန်လုံး ခင်ဗျားပခုံးပေါ်လိုက်ပြီးထမ်းတင်နေရအောင် ကိုယ့်ကိုကိုယ် ပြန်တွေးကြည့် ...၊
ငါက လူလား .. ဝန်ချီစက်ကြီးလားဆိုတာ...။နောက်ပြီး ကိုယ်ကစေတနာနဲ့ တာဝန်ယူလိုက်တာမှန်ပေမဲ့ တစ်ခုခုဖြစ်လာခဲ့တယ်....
မမျှော်လင့်တဲ့ဆုံးရှုံးမှုတစ်ခုဖြစ်လာခဲ့တယ်ဆိုပါတော့ ....။
ဥပမာ ခင်ဗျားမနေ့က ဒီပိုက်ဆံထုတ်ကို ဘဏ်ကသယ်လာပြီး ရုံးက မီးခံသေတ္တာထဲထည့်လိုက်တယ် ...။
တကယ်တမ်းသယ်ရမှာက တခြားလူ  ခင်ဗျားကအနေသာကြီး ...။ သို့သော်ခင်ဗျားက မနေနိုင်မထိုင်နိုင်ကြားထဲက သူတော်ကောင်းဝင်လုပ်၊
ညကျတော့ မီးခံသေတ္တာထဲက ပိုက်ဆံတွေအထုပ်လိုက် အမ,ခံလိုက်ရ။ ဆိုတော့ကာ နောက်ဆုံး ဘယ်သူ့ခေါင်းပေါ်ရောက်မလဲ ....။
ဖြစ်နိုင်ချေ ၇၀ ရာခိုင်နှုန်းကတော့ ခင်ဗျားခေါင်းပေါ်အပြင် တခြားဘယ်မှမရောက်ဘူးပဲတွေးပါ။
ခင်ဗျားက သူများအတွက်တွေးပေမယ့်လို့ လူတိုင်းကခင်ဗျားလို စိတ်လေး ရှိချင်မှရှိကြတယ် ...။
ပြောချင်တာက မနိုင်ဝန်မထမ်းပါနဲ့ .... ဓါးခုတ်ရာတွေကိုလည်း လက်ဝင်မလျှိုချင်ပါနဲ့ …။

နောက်ဆုံးမလုပ်နိုင်တော့ဘူးဆိုရင်

ကိုယ်မလုပ်နိုင်ဘူးဆိုတာမရှိဘူး .....။ကျွန်တော့်အမြင်ဆိုရင် ကိုယ်ဖြစ်ချင်တာကိုဖြစ်အောင်လုပ်ဖို့က ကိုယ့်သမိုင်း။
ဒါပေမဲ့ ဖြစ်ချင်တာကို ဖြစ်အောင်ပုံဖော်နိုင်ဖို့၊ ရေခံမြေခံကောင်းလေးလိုအပ်တယ် ...။
ခင်ဗျားစိတ်ဝင်စားတဲ့အရာကိုဖြစ်အောင်လုပ်ချင်တယ်။
ဒါပေမဲ့ ရှေ့မှာ ကန့်လန့်တိုက်နေတဲ့ဂဏန်းလိုလူမျိုးတွေရှိတယ်ဆိုပါစို့ .... ဘာဆက်လုပ်မလဲ။
တချို့ကပြောကြတယ် .. အဲလိုလူမျိုးတွေကိုဂရုမစိုက်ပဲတိုက်ခိုက်အနိုင်ယူပြလိုက်တဲ့ ...။
မှန်ကောင်းမှန်မှာပါ ဒါပေမယ့် .... စကားပုံရှိတယ်မဟုတ်လား။
ခါချဉ်ကောင် မာန်ကြီးလို့တောင်ကိုဖြိုမယ်ကြံ၊ ခါးကမသန် ဆိုတာလေး။ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို အဲဒီဂဏန်းလိုလူတွေနဲ့ပြိုင်တိုက်ခိုက်ဖို့အသုံးချနေမှာလား။
မတန်ဘူးဗျ .... ကိုယ်လုပ်ပေးသလောက် ကိုယ့်ရဲ့အရည်အချင်းကို တန်ဖိုးမထား အသိအမှတ်မပြုတဲ့နေရာဆိုတာ ဘုရားဟောထဲမှာပါတဲ့ မနေသင့်တဲ့အရပ်တွေထဲကတစ်ခုပဲ။
ရေတွင်းထဲကဖားလေး ဘာမြင်သလဲ။ ရေတွင်းထဲကရေပဲ မြင်မှာပေါ့။အပြင်ကိုခုန်ထွက်မှ ပင်လယ်ကိုတွေ့မှာ …။
ခင်ဗျားရဲ့အရည်အချင်းတွေကို အသိအမှတ်ပြုတဲ့အလျောက် ခင်ဗျားကိုလည်း တလေးတစားဆက်ဆံမယ့်ပတ်ဝန်းကျင်တွေ အများကြီးရှိနေပါတယ်…။