လစဉ်သုံးဂွမ်းထုပ်တစ်ထုပ်ဝယ်ဖို့ ပိုက်ဆံတွေကို ဂုန်နီအိတ်နဲ့သယ်သွားရတဲ့နိုင်ငံ

Inflation ဆိုတာမြန်မာလိုပြန်မယ်ဆိုရင် ဖောင်းလာသည်၊ လေပြည့်လာသည်လို့အဓိပ္ပါယ်ရပါတယ်။ စီးပွားရေးမှာအဲ့ဒါကိုသုံးလိုက်တဲ့အခါမှာတော့ ငွေကြေးဖောင်းပွသည် လို့ဆိုရမှာပါ။

ငွေကြေးဖောင်းပွတယ် ဆိုတာဘာကိုပြောတာလဲ …

ငွေကြေးဖောင်းပွတယ် ဆိုတာ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့အထွေထွေစရိတ်တွေအတွက်ကြီးမြင့်လာတဲ့ ကုန်ကျစရိတ်ပမာဏတစ်ရပ်ကိုငွေကြေးဖောင်းပွမှု လို့ခေါ်ပါတယ်။ အဲ့ဒီလိုစရိတ်စကတွေကြီးလာလေလေ၊ ကိုယ့်နိုင်ငံက ငွေကြေးတန်ဖိုးကျဆင်းလာလေလေဖြစ်တယ်။ လူတိုင်းလူတိုင်းမှာ ငွေတွေအထပ်လိုက်ရှိတယ်၊ ကိုင်နိုင်တယ်။ သို့သော် တန်ဖိုးရှိလားဆိုတော့ တန်ဖိုးမရှိတော့ပါဘူး။

ဥပမာတစ်ခုပေးရအောင်။ လက်ရှိအချိန် ငွေကြေးဖောင်းပွမှုဒဏ်ကို ပြင်းပြင်းထန်ထန်ခံနေရတာ ဗင်နီဇွဲလားနိုင်ငံပါ။ ၂၀၁၄ မှာ ငွေကြေးဖောင်းပွမှုဟာ ၆၉ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၁၅ မှာတော့ ၁၈၁ ရာခိုင်နှုန်းအထိမြင့်တက်ပြီး ကမ္ဘာ့သမိုင်းမှာစံချိန်တင်ခဲ့တယ်။ ၂၀၁၆ မှာ ၈၀၀ ရာခိုင်နှုန်းအထိဖြစ်လာပြီး ၂၀၁၇ မှာတော့ ၄၀၀၀ အထိမြင့်တက်လာပါတယ်။ လက်ရှိ ၂၀၁၈ မှာတော့ ငွေကြေးဖောင်းပွမှုဟာ ၅၂၂၀ အထိရှိလာခဲ့ပါတယ်။ အစိုးရအနေနဲ့ ထိန်းချုပ်ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ လက်ရှိအချိန် ဗင်နီဇွဲလား ဘိုလီဗာ ၂၄၈၄၀၉ ဆိုတဲ့ငွေပမာဏဟာ အမေရိကန်တစ်ဒေါ်လာပဲ တန်ကြေးရှိပါတော့တယ်။

အဲ့တော့ဘာတွေဖြစ်လာသလဲ .. ?

၂.၄ ကီလိုဂရမ် ( ၁.၄၆ ပိဿာ ) ပဲရှိတဲ့ ကြက်သားကို ဘိုလီဗာ ၁၄.၆ သန်းပေးရတယ်။ ပြောရရင်တော့ ကြက်သားစားချင်ရင် ပိုက်ဆံတွေကို ဂုန်နီအိတ် နဲ့ထမ်းသွားမှပဲရတော့မှာပါ။

အိမ်သာသုံးစက္ကူတစ်လိပ်အတွက် ဘိုလီဗာ ၂.၆ သန်းပေးရမယ်။ ပိုက်ဆံထုပ်ကြီးထမ်းပြီး အိမ်သာသုံးစက္ကူပြေးဝယ်ရတာတော့ ရယ်စရာပါပဲ။ ဒါပေမယ့် အဲဒါတွေကတကယ်ပါ။

မုန်လာဥနီတစ်ကီလို ( ၆၁ ကျပ်သား ) ဝယ်ဖို့ဘိုလီဗာ ၃ သန်းကျပါမယ်။ ဈေးဝယ်ထွက်ရင် အနောက်မှာ ပိုက်ဆံထုပ်ထမ်းဖို့အကူတစ်ယောက်လိုတဲ့အနေအထားပါပဲ။

ခေါက်ဆွဲတစ်ထုပ်ရဲ့ဈေးက ဘိုလီဗာ ၂.၅ သန်းပါ။

လစဉ်သုံးဂွမ်းထုပ်တစ်ထုပ်ကို ဘိုလီဗာ ၃.၅ သန်းရှိပါတယ်။ အဲ့တော့ အမျိုးသမီးတွေအနေနဲ့ လစဉ်ပြဿနာကို ငွေထုပ်ကြီးပိုက်ပြီးရှင်းနေရတာပေါ့။

ကလေးသေးခံတစ်ထည် = ဘိုလီဗာ ၈ သန်း၊ အိပ်ယာခင်းတစ်စုံ = ဘိုလီဗာ ၃၃ သန်း၊ Adidas ဖိနပ်တစ်ရံ = ဘိုလီဗာ ၁၀.၅ သန်း

ဒိန်ခဲ တစ်ကီလို ( ၆၁ ကျပ်သား ) ကို ဘိုလီဗာ ၇.၅ သန်းပေးရပါတယ်။

ဆန်တစ်ကီလိုအတွက် ဘိုလီဗာ ၂.၅ သန်းပေးရပါမယ်။

အိမ်သုံးဆပ်ပြာခဲတစ်ခဲကို ဘိုလီဗာ ၃.၅ သန်းပေးရတာကြောင့် ဟိုဟာဒီဟာဝယ်ဖို့အပြင်ထွက်ရင်တောင်မှ ပိုက်ဆံကိုတောင်းထဲထည့်သယ်သွားရမယ့်အခြေအနေပါပဲ။

အသားတစ်ကီလို ( ၆၁ ကျပ်သား ) ကို ဘိုလီဗာ ၉.၅ သန်းပေးရပါတယ်။

ခရမ်းချဉ်သီးတစ်ကီလို ( ၆၁ ကျပ်သား ) အတွက်ကတော့ ဘိုလီဗာ ၅ သန်းပါ။

ထောပတ်ဆီတစ်ဗူးအတွက် ဘိုလီဗာ ၃ သန်းကျပါမယ်။

ငွေကြေးဖောင်းပွမှုရဲ့နောက်ဆက်တွဲပြဿနာတွေကဘာတွေလဲဆိုတော့ ကုန်စုံဆိုင်၊ စတိုးဆိုင် နဲ့ စူပါမားကတ်တွေမှာ ပိုက်ဆံတွေကိုရေတွက်ဖို့အခက်အခဲဖြစ်လာပါတယ်။ ငွေရေစက်ရဲ့သဘောက တစ်ခါရေရင် ဂဏန်းခြောက်လုံး ( သိန်း ) အထိပဲရေတွက်နိုင်တာကြောင့် ဆပ်ပြာတစ်ခဲဝယ်ရင်တောင်မှ ငွေရေစက်နဲ့လေးကြိမ်လောက်ရေတွက်နေရမယ့်သဘောပါပဲ။
အဲ့ဒါကြောင့် ဆိုင်တွေဟာ ပိုက်ဆံတွေကိုအလေးချိန်နဲ့ပဲ အရေအတွက်လုပ်ပါတော့တယ်။ ဥပမာ အလေးချိန်ကိုမှတ်သားထားပြီး ဘယ်နှစ်ကီလိုဆိုရင် ပိုက်ဆံဘယ်နှသန်းဆိုပြီးတော့ပေါ့။

Gabriel





we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။