ဂျိမ်းစ်ဘွန်းဇာတ်ကားဆန်ဆန်ထောင်ဖောက်ထွက်ပြေးသွားတဲ့ ဖားအံအကျဉ်းထောင်နောက်ဆုံးသတင်း

ကရင်ပြည်နယ်၊ဘားအံအကျဉ်းထောင်တွင် စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းကထောင်းဝင်းအတွင်းသန့်ရှင်းရေးပြုလုပ်ပြီးစုပုံထားသည့် အမှိုက်များကို သွားပစ်မည့်ယာဉ်အား ထောင်ဒဏ်လွတ်ရက်မရှိ အကျဉ်းသားက ယာဉ်မောင်းသည့်အကျဉ်းသား ဝန်ထမ်းကို ထိုးကျိတ်၍ ယာဉ်အားမောင်းနှင်ကာ ထောင်တံခါးလေးဆင့်အား ယာဉ်ဖြင့်တိုက်ဖွင့်ကာ ယာဉ်ပေါ်နှင့် ယာဉ်နောက်တို့မှ လိုက်ပါသွားသည့်အကျဉ်းသား စုစုပေါင်း ၄၁ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၆ရက်နေ့ နံနက် ၈နာရီ ၄၀မိနစ်အချိန်ခန့် အကျဉ်းထောင်ဓမ္မာရုံအနီးစိုက်ခင်းအတွင်းအကျဉ်းသားများဖြင့် ရှင်းလင်း၍ စုပုံထားသောအမှိုက်များကို အကျဉ်ထောင်ဝန်ထမ်း ဒုတက ကျော်ဝင်းစိန် မောင်းနှင်သည့် 7N/9847၊Mazda Titan အပြာရောင်ဖြင့်တင်ဆောင်၍ သွားရောက်စွန့်ပစ်ရန်အတွက် ယာဉ်အားထွက်ခွာမည့်အချိန် ပြစ်ဒဏ်လွတ်ရက်မရှိ အကျဉ်းသား ထောင်ဝင်အမှတ် ဖအ/၁၅/၀၀၃၃၀/က ကျော်မိန်လ(ခ) အရှောင်(ခ)ကျော်ဖကုလား(ခ)မိန်လှ၃၃နှစ်မှ ယာဉ်မောင်းကို ဆွဲချထိုးကြိတ်ကာယာဉ်အား မောင်းနှင်၍ ထောင်တံခါးလေးဆင့်ကို တိုက်ဖွင့်ပြီး ဘားအံ-လှိုင်းဘွဲလမ်းအတိုင်း လှိုင်းဘွဲမို့နယ်အတွင်းသို့ မောင်းနှင်ထွက်ပြေးသွားရာ အဆိုပါယာဉ်ပေါ်နှင့်ယာဉ်နောက်တို့မှ အကျဉ်းသားများလိုက်ပါသွားသဖြင့် ၄၁ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ တမခ ၂၂ တပ်မမှူးဗိုလ်မှူးချုပ် မြင့်ကျော်ထွန်းနှင့် ဒုတပ်မမှူးဘားအံတပ်နယ်မှူး ဗိုလ်မှူးကြီး ရန်နောင်စိုးတို့ကွပ်ကဲသည့် ခမရ ၂၀၂မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ရဲခိုင်ဦးစီးသော တပ်မတော်သားများနှင့် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးနှင့် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ဦးစီးပထမတန်း(ဦး/ရေး/ထောက်)ဒုတိယရဲမှူးကြီးကံဝင်းတို့ကြီးကြပ်ကွပ်ကဲသည့်ရဲတပ်ဖွဲ့ဝင်များနှင့် အကျဉ် းဦးစီးဌာန(ဘားအံ) ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်းဝင်းနှင့် အကျဉ်းထောင်တာဝန်ခံ လက်ထောက်ညွန်မှူး ဦးအေးသန်းတို့ကြီးကြပ်ကွပ်ကဲသည့် အကျဉ်းထောင်ဝန်ထမ်းများနှင့်ပူးပေါင်းကာ အကျဉ်းထောင်လုံခြုံရေးတာဝန်ကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးနှင့်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူးတို့ ကြီးကြပ်ကွပ်ကဲသည့် ပူးပေါင်းအဖွဲ့များက ထွက်ပြေးရာလမ်းကြောင်းတစ်လျှောက်ကို လိုက်လံရှာဖွေပိတ်ဆို့ခြင်း၊ ကရင်ပြည်နယ်အတွင်းမှ လမ်းတံတားများတွင်လုံခြုံရေးဆောင်ရွက်နေသည့်ရဲတပ်ဖွဲ့ဝင်များ နယ်မြေခံရဲစခန်းများမှရဲတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ပိတ်ဆို့ကာ ရှာဖွေစစ်ဆေးခြင်းများဆောင်ရွက်လျှက် ရှိပြီး  နေ့လည်ပိုင်းတွင် မောင်းနှင်ထွက်ပြေးသွားသည့် ယာဉ်ကို လှိုင်းဘွဲမြို့နယ်၊ ရွာသာအေးရွာနှင့် သပုထိုရွာကြား ဆည်မြောင်းတာပေါင်လမ်း တွင် ဗွက်နစ်လျှက်ပြန်လည်တွေ့ရှိသဖြင့် ထွက်ပြေးလွတ်မြောက်နေသည့် အကျဉ်းသား ၄၁ ဦးကို ပိတ်ဆို့ဖမ်းဆီးရမိရေး အခြားတိုင်းနှင့်ပြည်နယ်များသို့လည်းချိတ်ဆက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဘားအံအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသား ၄၁ ဦးတွင် အပြစ်ကျတရားခံ ၂၉ ဦး၊ အမှုစစ်ဆေးဆဲအချုပ်တရားခံ ၁၂ ဦးပါဝင်ကာ ဦးဆောင် ထွက်ပြေးသူ ကျော်မိန်လ(ခ)အရှောင်(ခ)ကျော်ဖကုလား(ခ)မိန်လှမှာ မူးယစ်ပုဒ်မ ၁၉(က)/၂၂(ခ)ဖြင့်ထောင်ဒဏ်နှစ်အကန့်အသတ်မရှိ ၊မူးစိတ်ပုဒ်မ ၁၅ဖြင့် လေးနှစ်၊ မူးစိတ်ပုဒ်မ၁၉(က)/၂၂(ခ)နှင့်ပင် ထောင်နှစ်အကန့်အသတ်မရှိတို့အပြင်  ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၁)(ဂ)ဖြင့် ထောင်တစ်သက်တစ်ကျွန်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆ ဖြင့်ထောင်ဆယ်နှစ်တို့ အသီးသီးပြစ်ဒဏ်ကျခံနေပြီး လွတ်ရက်မရှိပြစ်ဒဏ်ကျခံနေရသူဖြစ်ပြီး ဘားအံမြို့နယ်၊ ကော့စိန်ဘန်အောက်ကျေးရွာအုပ်စု၊ ရွှေပြည်ထောင်ကျေးရွာတွင် နေထိုင်ခဲ့သူဖြစ်ကာ  လွန်ခဲ့သည့် ၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က ၎င်း၏နေအိမ်မှ WY စိတ်ကြွဆေးပြား ရှစ်ထောင်ပြား၊ခြောက်လုံးပြူး ဆုံလည်သေနတ်တစ်လက်နှင့်၎င်းကျည်ငါးတောင့် တွေ့ရှိမှု ၊.၂၂ပြောင်းရှည်သေနတ်တစ်လက်၎င်းကျည် နှစ်တောင့်တွေ့ရှိမှု၊ကိုးလုံးကျည်သေနတ်တစ်လက်၊၎င်းကျည် နှစ်ထောင့်တို့ကိုင်ဆောင်၍မူးယစ်ဆေးဝါးသုံးစွဲရောင်းချဖြန့်ဖြူးခဲ့မှုတို့ဖြင့်လည်းကောင်း၊  အမျိုးသားနှစ်ဦးအား ကားဖြင့်ခေါ်ဆောင်လာပြီးသေနတ်ဖြင့်ပစ်ခတ်ကာ သေပြီအထင်နှင့် ရေမြောင်းအတွင်းပစ်ထားခဲ့စဉ် တစ်ဦးမှာ အချိန်မီဆေးရုံတင်ပို့နိုင်ခဲ့သဖြင့် အသက်မသေဘဲကျန်တစ်ဦးမှာ အခင်းဖြစ်နေရာ၌ပင်သေဆုံးသွားသည့်ဖြစ်စဉ်အား ကျူးလွန်ခဲ့၍ ယခုကဲ့သို့ ထောင်ဒဏ်လွတ်ရက်မရှိ ပြစ်ဒဏ်ကျခံရခြင်းဖြစ်ကြောင်း အကျဉ်းဦးစီးဌာနက ရဲတပ်ဖွဲ့သို့ အကြောင်းကြားပေးပို့ထားသည့် ထွက်ပြေးလွတ်မြောက်သွားသော အကျဉ်းသားများစာရင်းတွင် အမှုဖြစ်စဉ်အကျဉ်း ထည့်သွင်းဖော်ပြချက်အရ သိရသည်။

ရဲတပ်ဖွဲ့ဝင်များမှ နယ်မြေခံတပ်မတော်သားများ၊မိတ်ဘက်အဖွဲ့များ၊ရပ်ကွက်ပြည်သူများနှင့်အတူ ပူးပေါင်းကာပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ စုစုပေါင်း အကျဉ်းသား ၁၃ ဦးကို ပြန်လည် ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။

Gabriel
Crd : SNM






we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။