အဝစားဆူရှီဆိုင်မှာ ပွဲပေါင်း ၁၀၀ ကျော်စားမိလို့ ရာသက်ပန်စားခွင့်ပိတ်ခံလိုက်ရတဲ့သူ

ဂျာမန်နိုင်ငံသား Triathlete ကစားသမားတစ်ဦးဖြစ်တဲ့ Jaroslav Bobrowski ( ၃၀ ) နှစ်ဟာ လွန်ခဲ့တဲ့အပတ်လောက်က Landlust မှာရှိတဲ့ Thai Thuna ဆိုတဲ့ ဆူရှီဆိုင်တစ်ဆိုင်မှာ စားသောက်ခဲ့တယ်။ ဆူရှီဆိုင်ဟာ ဘူဖေးစတိုင်ဖြစ်ပြီး ၁၆ ယူရိုတည်းနဲ့ အဝစားလို့ရတယ်လို့ပြောထားတာကြောင့် ဂျာရိုဆလဗ် ဟာ ဗိုက်မဝမချင်း ဆူရှီတွေကိုတစ်ပွဲပြီးတစ်ပွဲစားသောက်နေခဲ့တာပါ။

နောက်ဆုံး ပွဲပေါင်း ၁၀၀ ကျော်၊ သူလည်းဗိုက်ဝပြီး ပိုက်ဆံရှင်းမယ့်အခါကျတော့ ဆိုင်ဝန်ထမ်းတွေဟာ ဂျာရိုဆလဗ်ကို နောက်တစ်ခါ ဒီဆိုင်မှာလာစားလို့မရတော့ကြောင်းပြောဆိုခဲ့ပါတယ်။ အမှန်တကယ်ဆိုင်ကသတ်မှတ်ထားတဲ့ပုံစံဟာ သာမန်လူတစ်ယောက်စားနိုင်တဲ့အတိုင်းအတာဖြစ်ပြီး သာမန်လူတစ်ယောက်ဟာ အလွန်ဆုံးရှိမှ ဆူရှီပွဲ ( ၂၀ ) လောက်သာစားနိုင်တာမို့လို့ပါ။ ဂျာရိုဆလဗ်ကတော့ သာမန်လူတွေထက်ထွားကြိုင်းပြီး စွမ်းအင်ပြန်ဖြည့်ဖို့လိုအပ်တဲ့ အားကစားသမားတစ်ယောက်ဖြစ်လို့ ဆူရှီ ပွဲ ၁၀၀ ကျော်စားခဲ့တာဖြစ်ပါတယ်။ အဲဒီပမာဏဟာ လူ ( ၅ ) ယောက်စာတစ်ပြိုင်တည်းစားနိုင်တဲ့ပမာဏပါပဲ။

ဂျာရိုဆလဗ်အနေနဲ့ သူစားခဲ့တဲ့ပမာဏတွေအတွက် ပိုက်ဆံအပိုပေးဖို့ပြောပေမယ့် ဆိုင်ကလက်မခံပဲနောက်ထပ်မလာဖို့ကိုသာတွင်တွင်ပြောပြီးမောင်းထုတ်ခဲ့ပါတယ်။ မကျေမချမ်းဖြစ်သွားတဲ့ ဂျာရိုဆလဗ်ကတော့ အဲ့ဒီအကြောင်းကို FB နဲ့ IG ပေါ်တင်ပြီး Thai Thuna ကို အကြီးအကျယ်ဝုန်းခဲ့ပါတယ်။ သူဟာ အားကစားလုပ်ရတဲ့အခြေအနေကြောင့် ဘာမှမစားပဲနေခဲ့တာ နာရီများစွာကြာပြီဖြစ်တဲ့အတွက် အခုလိုစားသောက်ရတာဖြစ်တယ်လို့လည်းရှင်းပြခဲ့ပါတယ်။

ဂျာရိုဆလဗ်ကို ဂျာမန် နဲ့ ဟော်လန်နိုင်ငံသားတွေက ဆူရှီသရဲကြီးလို့ခေါ်နေကြပြီး အဝစားဆိုတဲ့ဆိုင်ဟာ အဝစားဆိုတဲ့ ဂုဏ်ပုဒ်နဲ့မညီတဲ့အပြင် စားသုံးသူကိုမောင်းထုတ်ခဲ့လို့လည်း အကြီးအကျယ်ဝေဖန်ခံနေရပါတယ်။ အခုအခါမှာတော့ ဂျာရိုဆလဗ်ဟာ Thai Thuna ရဲ့အနီးအနားက China City မှာပြောင်းပြီးစားနေပြီဖြစ်ပါတယ်။

Gabriel
Ref : Dailymail.UK




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။