တစ်ကျပ်သား ခုနှစ်သောင်းကျော်ပြန်ကျသွားတဲ့ မြန်မာ့ရွှေဈေးကွက်

မြန်မာ့ရွှေဈေးကွက်၌ စံချိန်တင်ဈေးအဖြစ် စက်တင်ဘာလ ၂၀ ရက်နေ့က ရွှေတစ်ကျပ်သားလျှင် ကျပ် ၁,၀၅၀,၀၀၀ သို့ ရောက်ရှိခဲ့ပြီးနောက် ၁၀ ရက်အတွင်း ကျပ် ခုနစ်သောင်းကျော် ပြန်လည်ကျဆင်းလာခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ လေ့လာသိရှိရသည်။

စက်တင်ဘာလ ၂၀ ရက်နေ့က ရွှေတစ်ကျပ်သားလျှင် ကျပ် ၁,၀၅၀,၀၀၀၊ အမေရိကန်ဒေါ်လာဈေး တစ်ဒေါ်လာလျှင် ၁၆၃၀ ကျပ်၊ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၁၂၀၆ ဒေါ်လာရှိခဲ့ပြီး စက်တင်ဘာလ ၃၀ ရက်နေ့တွင် ရွှေတစ်ကျပ်သားလျှင် ကျပ် ၉၈၀,၀၀၀ (ညနေပိုင်းဈေး)၊ တစ်ဒေါ်လာလျှင် ကျပ် ၁၅၅၀ ကျပ်၊ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၁၁၉၃ ဒေါ်လာဖြစ်ကြောင်း အောင်သမာဓိ စိန်၊ ရွှေ၊ ရတနာဆိုင်၏ ဈေးနှုန်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရွှေဈေးက ငွေလဲလှယ်မှုနှုန်းအပေါ် မူတည်နေတယ်။ ဒေါ်လာဈေးကျနေသရွေ့ ကမ္ဘာ့ရွှေဈေး အရမ်းမတက်ရင် ရွှေဈေးက ဆက်ကျဖို့ အလားအလာ ဖြစ်နေပါတယ်။”ဟု မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောကြားသည်။

မန္တလေးဈေးကွက်၏ လတ်တလော အရောင်းအဝယ်အနေအထားမှာ ရောင်းလိုအားသည် ဝယ်လိုအားထက် များနေဆဲဖြစ်ကြောင်း အောင်သမာဓိ ရွှေဆိုင်၏ ပြောရေးဆိုခွင့် ရှိသူ ဒေါ်ဇင်မီမီအောင်ထံမှ သိရသည်။

Gabriel
Ref : The Voice



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။