ဂူအောင်းသိုင်းကျင့်ပြီး နိုင်ငံခြားသူပျိုဖြူတွေရဲ့ အသည်းစွဲဖြစ်လာတဲ့ ထိုင်းအမျိုးသား

သူ့နာမည်က ဂျာဒူပွန် လိုဆရီ ( ဒါမှမဟုတ် ) ထူးန် လို့ခေါ်တယ်။ သူဟာ ထိုင်းနိုင်ငံရဲ့လူမှုကွန်ယက်နဲ့အင်တာနက်ပေါ်မှာ အချိန်တိုအတွင်းရေပန်းစားတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အကြောင်းက သူဟာ ဂူထဲမှာ ကျင့်စဉ်တစ်ခုကျင့်ပြီးနောက်ပိုင်းမှာ နိုင်ငံခြားသူလေးတွေရဲ့ အရေးပေးခြင်းကိုခံလာရတဲ့သူဖြစ်နေလို့ပါပဲ။

သူ့ရဲ့ကျင့်စဉ်ဘာလဲဆိုတာတော့ မပြောပြပါဘူး။ ဒါပေမယ့် ဂူအောင်းနေတယ်လို့ပဲဖြေကြားခဲ့တာဖြစ်တယ်။ ကြီးကျယ်တယ်လို့ပဲဆိုဆို၊ သူဟာ ထိုင်းအမျိုးသမီးတွေကိုစိတ်ဝင်စားခြင်းလည်းမရှိပါဘူး။ ဂူအောင်းတယ်ဆိုတာကလည်း ဘာရည်ရွယ်ချက်နဲ့မှမဟုတ်ပဲ သူ့ဟာသူတစ်ယောက်တည်းနေချင်တဲ့အတွက် အောင်းခဲ့တာလို့ မီဒီယာတွေကိုပြောပါတယ်။

မကြာသေးခင်ကပဲ သူနဲ့ ရုရှားသူချောချောလေးတစ်ယောက်အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကိုလူမှုကွန်ယက်ပေါ်တင်ခဲ့ရာမှာ အတော်လေးအုတ်အုတ်ကျက်ကျက်ဖြစ်သွားခဲ့ပြီး ဓာတ်ပုံအောက်မှာလည်း ဆဲဆိုတိုက်ခိုက်တဲ့ ကွန်မန့်တွေအများကြီးရှိခဲ့ပါတယ်။ ဒါကတော့ လူတိုင်းဟာ ကိုယ့်ထက်သာမနာလိုဆိုတဲ့အတိုင်းပဲ ဒီလိုလူတစ်ယောက်က ဒီလိုအချောအလှလေးနဲ့ဓာတ်ပုံတွဲရိုက်နိုင်တဲ့အတွက် မနာလိုစိတ်နဲ့ပြောဆိုနေကြတာတွေပိုများပါတယ်။ အဲ့ဒါကြောင့်မကြာခင်ပဲ ဓာတ်ပုံကိုပြန်ဖြုတ်ချခဲ့ရပါတယ်။

သိပ်မကြာခင်ပဲ ရုရှားသူလေး ဂူကြမ်းပြင်ပေါ်မှာ အိပ်နေတဲ့ပုံကိုတင်ခဲ့ပြန်တယ်။ အဲ့မှာလည်း အရင်လိုပဲ မေတ္တာအတုံးလိုက်ပို့ခံရတာကြောင့် ဖြုတ်ချခဲ့ရပြန်ပါတယ်။ တကယ်တော့ ထူးန် ဟာ အပျော်တမ်းဓာတ်ပုံဆရာ၊ ပန်းချီဆရာ နဲ့ Highway man လို့ခေါ်တဲ့ မော်တော်ဆိုင်ကယ်စီးနင်းသူတစ်ယောက်ပါ။ နောက်ပြီး ဘာသာစကားတော်တော်များများကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ခြင်းကလည်း သူ့နားမှာ နိုင်ငံခြားသူလေးတွေတရစ်ဝဲ၀ဲဖြစ်နေစေတဲ့အချက်ပါပဲ။

သူဘယ်မှာ ဂူအောင်းကျင့်စဉ်ကျင့်ခဲ့သလဲဆိုတာမပြောပြပေမယ့် တစ်ချို့ကတော့ ထိုင်းနိုင်ငံ ကောန်ဖနန်ကျွန်းပေါ်က ဂူတစ်ဂူထဲမှာဖြစ်နိုင်တယ်လို့ဆိုကြတယ်။ ဘာပဲဖြစ်ဖြစ် အချိန်တိုအတွင်း သူဟာပေါ်ပြူလာတစ်ယောက်ဖြစ်လာတယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။

Gabriel
Ref : The Cave Man 2018

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။