Facebook user တွေသတိထားရမယ့် အကောင့်တုပွားခြင်းပြဿနာ

ဖေ့စ်ဘုတ် သုံးစွဲတဲ့သူတွေအတွက် နောက်ထပ်သတိထားစရာတစ်ခုပေါ်လာပြန်ပါပြီ။ အဲ့ဒါကတော့ အကောင့်တုပွားတဲ့ပြဿနာပါ။

အကောင့်တုဆိုတာဘာလဲ

အကောင့်တုပွားတယ်ဆိုလို့ ကိုယ်လက်ရှိသုံးနေတဲ့အကောင့်ကိုပဲ နောက်တစ်ကောင့်ထပ်ပြီးပွားလိုက်တာမျိုး ( Duplicate ) မဟုတ်ပါဘူး။ တစ်ဦးတစ်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ ဖေ့စ်ဘုတ်မှာ အကောင့်သစ်တစ်ခုဖွင့်မယ်။ ကိုယ့်ရဲ့ဓာတ်ပုံတွေ၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာတွေ၊ ကိုယ့်ရဲ့ wall ပေါ်မှာတင်ထားသမျှ ဓာတ်ပုံတွေ၊ personal info တွေအကုန်လုံးကို မှတ်သားထားပြီး ဒီအကောင့်ကို ကိုယ်သုံးနေသလိုမျိုးလုပ်တာကိုပြောတာပါ။

ဘယ်လိုအန္တရာယ်ရှိသလဲ

အဲ့ဒီနောက်မှာတော့ အကောင့်တုပိုင်ရှင်ဟာ ကိုယ့်အကောင့်ထဲက သူငယ်ချင်းတွေ နဲ့ ကိုယ်နဲ့ကျင်လည်စပ်ဆက်နေတဲ့ အသိုင်းအဝိုင်းအားလုံးကို friend request တွေပို့မယ်။ အကျိုးဆက်ကတော့ Sexual Harassment ( လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေ ) အွန်လိုင်းရာဇဝတ်မှုတွေ၊ အမုန်းစကားတွေ၊ လိမ်လည်မှုတွေ နဲ့ တခြားမလိုလားအပ်တဲ့အရာတွေဖြစ်လာနိုင်ပါတယ်။ ကိုယ့်ပုံနဲ့ personal info တွေကိုအသုံးပြုပေးပို့လိုက်တာဖြစ်တဲ့အတွက် ကိုယ်ပါ ပါဝင်ပတ်သက်နေသယောင်အထင်လွဲမှားမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။

အကောင့်တုပွားမခံရအောင်ဘယ်လိုလုပ်မလဲ

အကောင့်တုမပွားအောင်လုပ်လို့ရတဲ့နည်းတော့မရှိပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့အကောင့်ထဲမှာ ကိုယ်နဲ့ပတ်သက်သမျှ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ အလုပ်အကိုင်၊ check ins စတဲ့ personal info တွေပြည့်ပြည့်စုံစုံထားရှိခြင်းဟာ ပြဿနာကိုလက်ယပ်ခေါ်နေတယ်ဆိုတာသတိရပါ။ ပုံကတော့ ဘယ်သူမှမတင်ပဲမနေပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ personal info တွေဆိုရင်တော့မတင်တာကပိုကောင်းပါမယ်။

အကောင့်တုပွားနေမှန်းဘယ်လိုသိနိုင်မလဲ

ကိုယ့်အကောင့်ထဲ၊ ချက်ဘောက်စ်ထဲကို မက်ဆေ့ချ်တစ်စောင်ဝင်ပါမယ်။ အဲ့ဒါကတော့ “ သင့်ဆီကနေ သူငယ်ချင်းအဖြစ်တောင်းဆိုမှုတစ်ခုကိုရရှိပါသည်။ သင်တကယ်ပို့လိုက်ပါသလား .. မပို့ဘူးဆိုရင် သင့်အကောင့်ကိုပြန်လည်စစ်ဆေးဖို့လိုပါပြီ။ သူငယ်ချင်းတွေကိုလည်း သတိထားနိုင်အောင်ပြန်လည်မျှဝေပေးလိုက်ပါ “ ဆိုပြီး FACEBOOK USER ဆိုတဲ့ အကောင့်ကနေပို့မှာပါ။ အဲ့ဒီမက်ဆေ့ချ်ကို ပြန်ပြီး forward လုပ်ခိုင်းတဲ့ command လေးပါရှိပါတယ်။ အဲ့ဒီ မက်ဆေ့ချ်ကိုယ့်ဆီဝင်လာပြီဆိုရင် ဘယ်သူ့ဆီမှ forward မလုပ်ပါနဲ့။ ဖျက်ပစ်လိုက်ပါ။ ပြီးရင် ကိုယ့်အကောင့်ရဲ့ ပါ့စ်ဝေါ့ဒ်၊ third party authentification စတာတွေကိုပြန်စစ်ပါ။ ပြောင်းသင့်ရင်ပြောင်းပါ။ ဘာလို့လဲဆိုတော့ forward လုပ်လိုက်ပြီဆိုတာနဲ့ အကောင့်တုဟာ သင်နဲ့ဆက်နွယ်နေတဲ့သူငယ်ချင်းအသိုင်းအဝိုင်းတွေရဲ့ကွန်ယက်ကို access လုပ်သွားနိုင်လို့ပါပဲ။ ပြောချင်တာက သင့်သူငယ်ချင်း နဲ့ သူငယ်ချင်းတွေရဲ့ သူငယ်ချင်းတွေအကုန်လုံးကိုမြင်နိုင်မှာမို့လို့ပါ။

အဲ့တော့အကောင့်တုမပွားအောင်ဖြေရှင်းတဲ့နည်းတော့မရှိပါဘူး။ ဒါပေမယ့် အတုနဲ့အစစ်ဆိုတာက သုံးနေကျလူတွေအတွက်တော့ သိသာပါတယ်။ ကိုယ့်ပုံတင်ထားတဲ့အကောင့်တုက အာရုံလာစားနေပြီဆိုရင် သူငယ်ချင်းတွေကိုအသိပေးပြီး Report စာဝိုင်းကျွေးလိုက်ဖို့ပါပဲ။

Gabriel
Ref : Dailymail.co.uk

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။