ကြွက်နားရွက်သုပ် စပ်စပ်လေးစားကြမယ်

တစ်ခါလာလည်း ငါးနီသုပ်၊ ရှောက်သီးသုပ် ဒါတွေကိုပဲစားနေရတော့ ပါးစပ်ခံတွင်းက ရိုးနေပြီလေ။
ဒီတော့ ပါးစပ်ခံတွင်းတွေ့စေမယ့် အသုပ်လေးတစ်မျိုး လုပ်စားကြတာပေါ့နော်။ ဒီအသုပ်လေးကတော့ ကြွက်နားရွက်သုပ်လေးပါ။ ဒါဆိုပါဝင်ပစ္စည်းလေးတွေနဲ့ လုပ်ပုံလုပ်နည်းအဆင့်ဆင့်လေးတွေကိုပြောပြပေးမယ်နော်။

ပါဝင်ပစ္စည်းလေးတွေကတော့

၁. ကြွက်နားရွက် (ကိုယ်နှစ်သက်သလောက်အသုံးပြုနိုင်ပါတယ်။)
၂. မန်ကျည်းရည်အနှစ် (စားပွဲတင်ဇွန်း ၂ ဇွန်း)
၃. မြေပဲ ( အနည်းငယ်)
၄. ပဲမှုန့် (အနည်းငယ်)
၅. ငရုပ်သီးအကျက်မှုန့် ( စားပွဲတင်ဇွန်း ၂ ဇွန်း)
၆. ငံပြာရည် ( လက်ဖက်ရည်ဇွန်း ၂ ဇွန်း)
၇. အသင့်သုံးမျှင်ငါးပိ ( အနည်းငယ်)


ပြုလုပ်ပုံအဆင့်ဆင့်

အရင်ဦးဆုံး ကြွက်နားရွက်ကို ရေပြောင်အောင်ဆေးကြောသန့်စင်ပြီး ရေစိမ်ထားရပါမယ်။ ကြွက်နားရွက်တွေ နူးပြီး စားလို့ရမယ့် အရွယ်ရောက်ရင် ပါးပါးလေးတွေလှီးထားပါ။ လှီးပြီးသွားရင် ပါဝင်ပစ္စည်းတွေကို အချိုးကျစွာ ထည့်ပြီး သုပ်စားလို့ရပါပြီ။ လုပ်ရတာကလည်းအချိန်ကုန်သက်သာ မခက်သလို ပါဝင်ပစ္စည်းတွေကလည်း ဝယ်ရတာ လွယ်ကူပါတယ်။

ဒီတော့ ချဉ်ချဉ်စပ်စပ်ရှုးရှဲရှုးရှဲနဲ့ စားလိုက်လို့ကတော့ တကယ်ကိုခံတွင်းတွေ့မှာပါ။
ကြွက်နားရွက်ကလည်း ထုတ် ထုတ် ထုတ် ထုတ်နဲ့ဆိုတော့ တကယ်ကိုစားလို့ကောင်းမှာပါ။ အိမ်မှာသူငယ်ချင်းတွေနဲ့လည်းလုပ်စားလို့ရသလို ကိုယ့်ဘာသာတစ်ယောက်တည်းလည်းလုပ်စားလို့ရတာပေါ့နော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။