ကင်ဆာနောက်ဆုံးဆင့်နဲ့သေရပါတော့မယ်ဆိုပြီး အလှုရှင်တွေဆီက ဒေါ်လာ ငါးသောင်းခွဲ မ သွားတဲ့သူ

အမေရိကန်နိုင်ငံ၊ ကွင်းစ်လန်းက အသက် ( ၂၇ ) နှစ်အရွယ်အမျိုးသမီးတစ်ယောက်ဟာ လိမ်လည်မှုနဲ့ ကွင်းစ်လန်း တရားရုံးမှာအမှုရင်ဆိုင်နေရပြီဖြစ်ပါတယ်။

သူမနာမည်က လူစီ ဝေးလန်း ဖြစ်ပြီး ကွင်းစ်လန်းက တောင်းစ်ဗေးလ် မှာနေထိုင်တဲ့သူတစ်ယောက်ဖြစ်တယ်။ သူမဟာ ၂၀၁၈ စက်တင်ဘာလောက်က သူ့မှာ သားအိမ်ကင်ဆာနောက်ဆုံးအဆင့်ရှိနေပြီဖြစ်ပြီး အသက်ရှင်ဖို့က နောက်ထပ် လေးလလောက်ပဲရှိတော့တယ်လို့ တွစ်တာပေါ်မှာပို့စ်တွေတင်ခဲ့ပါတယ်။ အဲဒီပို့စ်တွေမှာ သူမဟာ ပိုက်ဆံမပြည့်စုံသူဖြစ်ပြီး အစိုးရအထောက်အပံ့နဲ့နေရသူဖြစ်သလို၊ ခွေးလေးတွေမွေးထားသူလည်းဖြစ်တယ်လို့ပြောပါတယ်။
သူမရဲ့ ပို့စ်တွေကို သူငယ်ချင်းအရင်းတွေကအစအံ့သြခဲ့ကြပြီး စာနာတဲ့အကြောင်းတွေပြောခဲ့ကြတယ်။ သူမရဲ့အကြောင်းဟာ သူငယ်ချင်းတွေကနေတဆင့်တွစ်တာပေါ်မှာပြန့်နှံ့သွားခဲ့ပြီး စာနာတဲ့သူတွေအများကြီးပေါ်လာသလို၊ သူမရဲ့ဆေးဖိုးတွေ၊ ဆေးရုံစရိတ်နဲ့ကုန်ကျစရိတ်တွေအတွက် အလှုရှင်တွေပေါ်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Gofundme ဆိုတဲ့ အွန်လိုင်းအဖွဲ့အစည်းကနေ သူမအတွက် အလှုခံခဲ့ပြီးနောက်ဆုံးမှာတော့ ဒေါ်လာ ၅၅၀၀၀ ( ငါးသောင်းခွဲ ) အထိလက်ခံရရှိခဲ့ပါတယ်။ ဒါတောင် တခြားစားသောက်စရာတွေ၊ လက်ဆောင်ပစ္စည်းတွေ၊ ပန်းခြင်းတွေမပါသေးပါဘူး။

လူစီ ဟာ အလှုရှင်တွေကိုအယုံသွင်းဖို့အတွက် သူမရဲ့ ဆံပင်တွေကိုရိတ်ပစ်ခဲ့ပြီး ဆေးရုံပစ္စည်းတွေ၊ ဆေးရုံခုတင်ပေါ်မှာရိုက်ထားတဲ့ပုံတွေကို တွစ်တာပေါ်တင်ခဲ့တယ်။ နောက်ပြီး အသက်ဆက်ရှင်ဖို့အခွင့်အလမ်းနည်းပေမယ့် အလှုရှင်တွေရဲ့စေတနာကြောင့်အများကြီးသက်သာသလိုခံစားရပါတယ် စတဲ့ စာသားလေးတွေကိုမကြာခဏတင်ပါတယ်။

ဒါပေမယ့် သူမကို အပြင်မှာမြင်ဖူးတဲ့သူတစ်ချို့က လူစီ ဟာ ကင်ဆာရောဂါသည်တစ်ယောက်ရဲ့အသွင်အပြင်မပေါက်သလို၊ ကင်ဆာရောဂါသည်တွေမှာတွေ့ရတတ်တဲ့ လက္ခဏာတွေလည်းမတွေ့ရဘူးလို့ဆိုတယ်။ တဖြည်းဖြည်းလူပြောများလာပြီးနောက်ဆုံးမှာတော့ ကွင်းစ်လန်းမှုခင်းထောက်လှမ်းရေးက အင်စပက်တာ ခရစ်လောဆန် က သူမဆီသွားရောက်ပြီး ဆေးရုံစာရွက်စာတမ်း၊ ဆေးဝယ်ဖို့ထောက်ခံချက်တွေတောင်းတဲ့အခါကျမှ သူမဟာ ကင်ဆာရောဂါသည်ဟန်ဆောင်ထားတဲ့ လူလိမ်တစ်ယောက်ဖြစ်နေမှန်းသိခဲ့ရတာပါ။

“ တကယ့်ကိုစိတ်ပျက်စရာကိစ္စပါ။ သူမ ( လူစီ ) ဟာ တခြားအွန်လိုင်းပေါ်က ကင်ဆာရောဂါသည်တွေရဲ့ဇာတ်လမ်းကိုမြင်ပြီး ဒီလိုလုပ်ဖို့အကြံပေါ်လာတာဖြစ်မယ်။ လူတွေရဲ့ကြင်နာတတ်တဲ့စိတ်ကို အသုံးချပြီးကိုယ်ကျိုးရှာတဲ့လုပ်ရပ်ကိုလက်မခံနိုင်ပါဘူး “ လို့ Dailymail ကိုပြောကြားခဲ့ပါတယ်။

သူမရဲ့ပထမဆုံးကြားနာမှုကို အောက်တိုဘာ ၁၁ မှာစတင်ခဲ့ပြီး လူစီ ကသူမရဲ့အကောင့်ရော၊ ပို့စ်တွေကိုပါ ဖျက်ပစ်ခဲ့သလို သူမကိုယ်တိုင်လည်း လူမြင်ကွင်းကနေပျောက်နေခဲ့ပါတယ်။ ဒုတိယအကြိမ်ကြားနာမှုကို ဒီဇင်ဘာ ၁၃ မှာပြုလုပ်မှာဖြစ်ပြီး သူမကတော့ ရှေ့နေဌားမယ်လို့ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် လူစီအနေနဲ့ လိမ်လည်မှု၊ ငွေအလွဲသုံးစားလုပ်မှုတွေနဲ့ ထောင်ထဲဝင်ရမှာတော့သေချာသလောက်ပါပဲ။

Gabriel
Ref : Dailymail.co.uk







we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။