၁၈ လအတွင်း သိန်း ၁၈၀ စုနိုင်ခဲ့တဲ့ ကျောင်းသူလေးရဲ့ငွေစုနည်း ( ဖတ်ဖြစ်အောင်ဖတ်ပါ )

တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတော်တော်များများဟာ rich kid တွေမဟုတ်ကြပါဘူး။ တက္ကသိုလ်ကျောင်းသားဘဝဆိုတာ ပျော်စရာကောင်းတာမှန်ပေမယ့် ကိုယ့်ဘဝကိုယ်ကျောင်းနေရတဲ့ ကလေးတွေအတွက်တော့ တက္ကသိုလ်ဆိုတာ ပညာရှာမှီးစရာနေရာတစ်ခု၊ ဘွဲ့ယူဖို့ထက်ဘာမှမပိုခဲ့ပါဘူး။

တက္ကသိုလ်တက်နေတဲ့ကလေးတော်တော်များများဟာ အရွယ်ရောက်ခါစလေးတွေဖြစ်တဲ့အတွက်တော်တော်များများက အိမ်ကနေပေးလိုက်တဲ့မုန့်ဖိုးလောက်ကလွဲရင် လက်ထဲငွေပိုငွေလျှံမရှိကြပါဘူး။ ဘဏ်အကောင့်ထဲဆိုဝေးလို့၊ ဘဏ်အကောင့်တောင်မဖွင့်ရသေးတဲ့အချိန်ပေါ့။ ဒါပေမယ့် နိုင်ငံခြားကျောင်းသူလေးတစ်ယောက်ကတော့ သူ့ပိုက်ဆံလေးတွေကိုခွဲခွဲပြီးစုလိုက်တာ ဆယ့်ရှစ်လအတွင်းဒေါ်လာ ( ၂၀၀၀၀ ) မြန်မာငွေနဲ့ဆို သိန်း တစ်ရာ့ရှစ်ဆယ် နီးနီးလောက်စုနိုင်ခဲ့တယ်။

ကွင်းစ်လန်းဒေသက အန်လန် ဟာ ရိုးရှင်းတဲ့နည်းလေးတွေပဲသုံးပြီး ဒေါ်လာ ၂၀၀၀၀ လောက်ကိုစုနိုင်ခဲ့တာပါ။ ငွေစုဖို့အတွက် အကြံရခဲ့တာကတော့ ၂၀၁၅ တုန်းက $ 1000 Project စာအုပ်ရေးသားသူ ကန်နာ ကမ့်ဘဲလ် ဆိုတဲ့ငွေကြေးပညာရှင်တစ်ယောက်ကြောင့်ဖြစ်ပါတယ်။ ဒေါ်လာ ၁၀၀၀ စီကိုခွဲပြီးငွေတွေပွားအောင်စီမံတာကိုကြည့်ပြီးနောက်မှာတော့ အန်လန်ဟာ ဒေါ်လာ ၁၀၀ စီခွဲပြီးစစုခဲ့ပါတယ်။

သူမအနေနဲ့ စာသင်တာ၊ ကလေးထိန်းတာ စတဲ့အပိုဝင်ငွေရစေမယ့်အလုပ်တွေလည်းလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ကလေးထိန်းတာကို အန်လန်က တစ်နာရီ ( ၁၅ ) ဒေါ်လာယူပြီး စာသင်တာကိုတော့ တစ်နာရီဒေါ်လာ ( ၃၀ ) ယူပါတယ်။ နောက်ပြီး အကြွေစေ့တွေကိုပါမချန်စုပါတယ်။ ရက်သတ္တပတ်တစ်ခုဆုံးတိုင်း ပိုက်ဆံအိတ်ထဲက အကြွေစေ့တွေကိုထုတ်ရေပြီး ပုလင်းထဲထည့်ပါတယ်။

အပိုစားရိတ်တွေကိုလည်း သူမကလျှော့ချခဲ့ပါတယ်။ မလိုတော့တဲ့ပစ္စည်းတွေရောင်းထုတ်ခဲ့သလို စားစရိတ်သက်သာအောင်အပြင်မှာမစားတော့ပဲ အိမ်မှာပဲချက်ပြုတ်စားသောက်ပါတယ်။ ဈေးဝယ်ထွက်တဲ့အခါမှာလည်း ဈေးကြီးတာတွေခဏခဏမဝယ်တော့ပဲ အရမ်းကြိုက်တာတွေ့မှ တစ်ခါတစ်လေလောက်ပဲဝယ်ပါတော့တယ်။ ရလာဒ်ကတော့ ( ၁၈ ) လအတွင်းသူမဟာ ဒေါ်လာ နှစ်သောင်းစုနိုင်ခဲ့ပြီး ဂျပန်ကိုတောင်သူငယ်ချင်းနဲ့ခရီးထွက်နိုင်ခဲ့ပါတယ်။

ငွေစုတာ အကျင့်ဖြစ်သွားခဲ့ရင်ရှေ့လျှောက်ပိုက်ဆံစုမိဖို့ အရမ်းကြီးလုပ်ယူနေစရာမလိုတော့ဘူး လို့အန်လန်က ပြောပါတယ်။ နောက်ပြီး သူမအနေနဲ့ အလုပ်ကြိုးစားပြီးငွေဆက်စုမှာဖြစ်ပြီး အိမ်တစ်လုံးပါဝယ်နိုင်အောင်ကြိုးစားမယ်လို့ဆိုပါတယ်။ ရလာတဲ့ငွေတွေကိုလည်း ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားဦးမှာပါတဲ့။ ဆယ်ကျော်သက်ကျောင်းသူလေးဆိုပေမယ့် သူ့ရဲ့စိတ်ဓာတ်လေးကတော့ အားလုံးအတွက်အတုယူစရာပါပဲ။

Gabriel
Ref : Dailymail.co.uk

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။