တင်းမာမှုတွေကနေ စစ်ပွဲဖြစ်ဖို့အထိဦးတည်နေတဲ့တောင်တရုတ်ပင်လယ်အရေး

တရုတ်နိုင်ငံရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ ကြီးမားပြီးလေးလံတဲ့စစ်ရေးတာဝန်တွေထမ်းဆောင်နေရပါတယ်။ ကျန်တုံပြည်နယ်မှာတည်ရှိပြီး အရေးပါတဲ့စစ်ရေးသတင်းအချက်အလက်တွေ၊ ပြည်ပရန်ကာကွယ်မှု နဲ့ ပြည်တွင်းလုံခြုံမှုအရေးကိုထမ်းဆောင်နေရတဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တရုတ်သမ္မတ ရှီ က အောက်တိုဘာ ၂၅ က သွားရောက်ခဲ့ပါတယ်။

ရှီ က မိန့်ခွန်းပြောခဲ့ရာမှာ စစ်မြေပြင်အသာစီးရရှိဖို့၊ မြေပြင်၊ ဝေဟင် နဲ့ ရေပြင်အခြေအနေကိုမပြတ်အကဲခတ်စောင့်ကြည့်နေဖို့၊ ရုတ်ချည်းစစ်ပွဲ ( ကျုးကျော်စစ် ) ဖြစ်လာရင် ချက်ချင်းတုံ့ပြန်နိုင်ဖို့ အာရုံစိုက်ဖို့လိုတယ် လို့ပြောဆိုခဲ့တယ်။ အဲဒီဒေသမှာရှိနေတဲ့ တပ်ဖွဲ့တွေ၊ တပ်ရင်းတွေကို ဘယ်လိုအခြေအနေပဲရောက်လာလာကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အမိန့်ပေးခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ အချုပ်အခြာပိုင်နက်ကိုမကြာခဏထိပါးခံရတဲ့အခြေအနေတွေကို ကြုံတွေ့နေရတာဖြစ်ပြီး တောင်တရုတ်ပင်လယ်နဲ့အငြင်းပွားရေပိုင်နက်၊ ကျွန်းတွေအနီးမှာ ဗီယက်နမ်၊ ဖိလစ်ပိုင် တို့နဲ့ရေတပ်ချင်းထိပ်တိုက်တွေ့တဲ့အဖြစ်အပျက်တွေရှိခဲ့သလို၊ တောင်တရုတ်ပင်လယ်ပေါ်ကနေ အမေရိကန်စစ်လေယာဉ် နဲ့ ဗုံးကြဲလေယာဉ်ကြီးတွေမကြာခဏပျံသန်းအင်အားပြတဲ့အဖြစ်တွေလည်းကြုံတွေ့ရပါတယ်။ တရုတ်၊ အမေရိကန် နဲ့ အခြားအင်အားကြီးနိုင်ငံတွေမကြခဏပါဝင်ပတ်သက်နေသလို၊ မငြိမ်သက်တဲ့နေရာလည်းဖြစ်တာကြောင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ဦးစားပေးစောင့်ကြည့်နေရတာလည်းဖြစ်တယ်။

ပြီးခဲ့တဲ့အောက်တိုဘာလအစောပိုင်းမှာ အငြင်းပွားရေပြင်ထဲဝင်ရောက်လာတဲ့အမေရိကန်စစ်သင်္ဘောတစ်စီးကို ထွက်ခွာဖို့သတိပေးရာကနေ နှစ်စီးစလုံးဟာတိုက်မိနီးပါးအခြေအနေအထိဖြစ်ပွားခဲ့ရပါသေးတယ်။

Gabriel
Ref : မောင်သံဆင့်

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။