ရုရှားနိုင်ငံမှာ ရွှေစည်းခုံပုံတူစေတီတော်အား ပထမဆုံး ထေရဝါဒ ဗုဒ္ဓစေတီတော်အဖြစ် တည်ထားကိုးကွယ်မည်

အောက်တိုဘာ (၂၆)ရက်နေ့တွင် ပထမဆုံးထေရဝါဒ စေတီတော်တစ်ဆူအား ရုရှားနိုင်ငံမှာ တည်ထားကိုးကွယ်နိုင်ရန် စီစဉ်နေပြီး ဒီစေတီတော် တည်ထားနိုင်ရေးအတွက် သီတဂူဆရာတော်ကြီးမှ ဦးဆောင်ကာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်းကို ဂျာမနီနိုင်ငံနဲ့ ဥပရောပတိုက်တို့မှာ သာသနာပြန့်ပွားရေးအတွက် သာသနာပြုနေတဲ့ ဆရာတော် အရှင်ကုသလသာမိက အောက်တိုဘာ (၂၆)ရက်နေ့က မိန့်ကြားခဲ့ပါတယ်။


အဆိုပါစေတီတော်ကို ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ကာလုဂါပြည်နယ်ရှိ ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်တွင် တည်ထားကိုးကွယ်မည် ဖြစ်ပြီး အောက်တိုဘာလ (၂၃)ရက်နေ့တွင် မြေသန့်မင်္ဂလာ ကမ္မဝါရွတ်ဖတ်ပူဇော်ခြင်း အခမ်းအနား၊ အောက်တိုဘာလ (၂၄)ရက်နေ့တွင် ရွှေပန္နက်တော်တင်၊ ရတနာအုတ်မြစ်စီ အခမ်းအနားတို့ကို ပြုလုပ်ခဲ့ကာ အဆိုပါ အခမ်းအနားများသို့ သီတဂူဆရာတော်ကြီးနှင့်အတူ အင်းစိန်ရွာမ ဆရာတော်ကြီး၊ သိမ်တော်ကြီး ဆရာတော်၊ ဓမ္မဒူတ ဆရာတော် ဒေါက်တာအရှင်ပညိဿရာဘိဝံသ၊ ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ၊ ရွှေစင်တိပိဋကဆရာတော် အရှင်ဂန္ဓ မာလာလင်္ကာရ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်မှ စာချကထိက ဆရာတော်များ၊ အမေရိကန်၊ ရုရှား၊ ဂျာမနီ၊ အင်္ဂလန်၊ ကိုးရီးယားမှ တပည့်ကျောင်းထိုင်ဆရာတော်များ များစွာတက်ရောက်ခဲ့ကြောင်း သိရပါတယ်။


“ ရုရှားမှာတော့ ပထမဆုံးဖြစ်လောက်တယ်။ ဉာဏ်တော်က ပေ (၅၀)ကျော်တယ်။  (၅၄)ပေ မြင့်တဲ့ စေတီတော်လည်း ဖြစ်မယ်။ ဘုန်းဘုန်းတို့ ဟိုဘက် ဥရောပမှာဆိုရင် စေတီတည်တာတွေ ခွင့်မပြုဘူး။ သို့သော်လည်း ဒီရုရှားမှာတော့ နှစ်နိုင်ငံ အဆင်ပြေနေတာလည်း ဖြစ်တယ်။ ဗုဒ္ဓဘာသာနဲ့လည်း မစိမ်းဘူးလို့ ပြောလို့ရတယ် ” ဟု စေတီတော် တည်ထားကိုးကွယ်ရေးနှင့် ပတ်သက်သည့် ပွဲသို့တက်ရောက်ခဲ့သော ဆရာတော် အရှင်ကုသလသာမိက မိန့်ကြားခဲ့ပါတယ်။


ရွှေစည်းခုံပုံတူစေတီတော် တည်ဆောက်ရေးလုပ်ငန်းများမှာ မကြာမီ စတင်တော့မှာဖြစ်ပြီး  (၁)နှစ်တာ ကာလအတွင်း စေတီတော်ကြီးကို အပြီးသတ် တည်ဆောက်သွားရန်အတွက် ရည်မှန်း ထားခြင်းဖြစ်ကြောင်းကိုလည်း သိရပါတယ်။

Crd; Htet Aung Phyo




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။