တစ်ရက်ကို ၆၃ ဒေါ်လာ ( မြန်မာငွေ တစ်သိန်းနီးနီး ) ဝင်ငွေရှိနေကြတဲ့ တရုတ်နိုင်ငံက သူတောင်းစားများ

တရုတ်နိုင်ငံ၊ မြေအောက်ရထားရုံတွေက သူတောင်းစားတွေရဲ့ဝင်ငွေဟာ တစ်ရက်ကိုယွမ် ၄၀၀ ( အမေရိကန်ဒေါ်လာ ၆၃ - မြန်မာငွေနဲ့တွက်မယ်ဆိုရင် တစ်သိန်းနီးနီးလောက် ) ရှိနေတယ်လို့သိရပါတယ်။ တရုတ်နိုင်ငံမှာ တောင်းရမ်းခြင်းကို တားမြစ်ချက်ထုတ်ထားပေမယ့် လိုက်နာမှုအားနည်းသလို၊ ဒဏ်ငွေကလည်းအလွန်တရာနည်းတဲ့ပမာဏဖြစ်ပါတယ်။

သူတောင်းစားတွေမှာ အဆင့် ( ၃ ) ဆင့်ခွဲထားပါတယ်။ နံပါတ်တစ်က Newbie ( မြန်မာလိုပြောရင်တော့ လူသစ် ) ပေါ့။ သူတောင်းစားအထာမနပ်သေးတဲ့လူသစ်တွေဟာ တောင်းရမ်းနည်း၊ လမ်းကြောင်းတွေကိုသေချာမသိကြသေးတဲ့အတွက် ဝင်ငွေအရမ်းမရှိကြပါဘူး။ သူတို့ရဲ့တစ်ရက်ဝင်ငွေကတော့ ယွမ် ၁၂၀ ( ဒါမှမဟုတ် ) အဲ့ဒီထက်နည်းတဲ့ပမာဏဖြစ်တယ်။

နံပါတ်နှစ်က အလယ်အလတ်ပေါ့။ သူတို့ကတော့ လမ်းကြောင်းနည်းနည်းသိတယ်။ မိတ်နည်းနည်းရှိတယ်။ သူတို့ဝင်ငွေကတော့ တစ်ရက်ကို ၁၈၀ ကနေ ၂၀၀ လောက်သွားတယ်။ ဒါပေမယ့် အချိန်အခါအပေါ်လည်းမူတည်ပါသေးတယ်။

နောက်ဆုံးအဆင့်ကတော့ ကျွမ်းကျင်အဆင့်ပါ။ ရထားလမ်းကွန်ယက်တွေကိုနှံ့နှံ့စပ်စပ်သိတယ်။ လူသွားလူလာများတဲ့နေရာတွေကိုသိတယ်။ ရထားရဲ၊ ဘူတာရုံလုံခြုံရေးတွေနဲ့လည်း မျက်မှန်းတန်းမိတယ်။ သူတို့တွေဆိုရင်တော့ တစ်ရက်ကို ယွမ် ၄၀၀ ( ၆၃ ဒေါ်လာ ) အထိရရှိကြပါတယ်။

အဲ့ဒီပမာဏဟာ တရုတ်နိုင်ငံရဲ့ ပျမ်းမျှအခြေခံလုပ်အားခ ရဲ့ ငါးဆလောက်မြင့်တယ်လို့ဆိုပါတယ်။ နောက်ပြီး တစ်ချို့သမ္ဘာရင့်သူတောင်းစားကြီးတွေဟာ ဂိုဏ်းပုံစံမျိုးတွေပြုလုပ်ပြီး အုပ်စုလိုက်အဖွဲ့ငယ်တွေခွဲပြီးတောင်းရမ်းကြတာကြောင့် ပြည်သူ၊ လမ်းသွားလမ်းလာတွေအနှောင့်အယှက်ဖြစ်သလို၊ နိုင်ငံခြားဧည့်သည်ဝင်ရောက်မှုများတဲ့ ဘေဂျင်းမြို့တော်ရဲ့ ပုံရိပ်ကိုထိခိုက်စေတယ်လို့မီဒီယာတွေက ပြောပါတယ်။
နောက်ပိုင်းမှာတော့ ဘေဂျင်း၊ ဝူဟန်၊ ကွမ်ကျိုးစတဲ့မြို့ကြီးတွေကနေ နောက်ဆုံး ဟေးလုံကျန်းမြို့တွေအထိ သူတောင်းစားပြဿနာကို အာဏာပိုင်တွေနှိမ်နင်းခဲ့ရပြီး ဖမ်းဆီးအရေးယူ၊ ဒဏ်ငွေရိုက်တာတွေပြုလုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒဏ်ကြေးပမာဏတွေက တစ်နေရာနဲ့တစ်နေရာမတူကြပါဘူး။

ဥပမာအနေနဲ့ ဝူဟန်မြို့မှာ ဒဏ်ငွေက ယွမ် ၅၀ ( မြန်မာငွေ ၁၁၃၀၀ ဝန်းကျင်၊ ၁ ယွမ်ကိုမြန်မာငွေ ၂၂၇ ကျပ်နှုန်း ) ပဲရှိပါတယ်။ အဲ့လောက်နည်းပါးတဲ့ ဒဏ်ငွေက ဝင်ငွေကောင်းတဲ့သူတောင်းစားတွေကို အပြုံးမပျက်စေခဲ့ပါဘူး။ အဲ့ဒါကြောင့် အာဏာပိုင်တွေက နောက်ထပ်နည်းတစ်ခုကျင့်သုံးပါတယ်။ အဲ့ဒါကတော့ ပထမတစ်ကြိမ်ဖမ်းမိရင် ဒဏ်ငွေကင်းလွတ်ခွင့်ပေးပြီး ခံဝန်ကတိထိုးရမှာပါ။ နောက်တစ်ခါထပ်ဖမ်းမိရင်တော့ ဒဏ်ငွေ ယွမ် ၂၀၀ တိတိပေးဆောင်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ညဘက်မှာခံဝန်ကတိထိုးပြီး မနက်လင်းတိုင်း မြေအောက်ဘူတာရုံတွေမှာပြန်ရောက်နေကြတဲ့သူတောင်းစားတွေကတော့ရှိနေဆဲ၊ ရှိနေမြဲပါပဲ။

Gabriel
Ref : Chinadaily


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။