ပါမောက္ခချုပ်စီးရန် ထုတ်ပေးထားတဲ့ ကားအတွင်းမှ မူးယစ်ဆေးဝါး သိန်း(၂၂၀၀)ကျော်တွေ့ရှိ


အောက်တိုဘာ (၂၉)ရက်နေ့ ညနေ(၆)နာရီအချိန်ခန့်က တောင်ငူ၊ ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ စီးရန် ထုတ်ပေးထားတဲ့ Mark II မော်တော်ယာဉ်အတွင်းမှ ဘိန်းဖြူထည့်ထားတဲ့ ဆပ်ပြာခွက် (၄၄)ခွက်နဲ့ စိတ်ကြွရှုးသွပ်ဆေးပြား (၃၀,၀၀၀) ကျော်အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း တောင်ငူမြို့မရဲစခန်းမှ သိရပါတယ်။


အဆိုပါ Mark II မော်တော်ယာဉ်ကားကို အဆင့်မြင့်ပညာ ဦးစီးဌာနမှ ထုတ်ပေးထားတာဖြစ်ပြီး အဲ့ဒီယာဉ်အတွင်းမှ ဘိန်းဖြူနဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ များစွာတွေ့ရှိခဲ့ပါတယ်။ ဒီယာဉ်ဟာ တောင်ငူကွန်ပျူတာ တက္ကသိုလ်က ပါမောက္ခချုပ်နဲ့ ပါမောက္ခတွေသုံးဖို့ အဆင့်မြင့်ပညာ ဦးစီးဌာနကထုတ်ပေးထားတာဖြစ်ပြီး အောက်တိုဘာလ (၂၆)ရက်က နေပြည်တော်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေက သွားရောက် ထုတ်ယူထားတာဖြစ်တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။


အောက်တိုဘာလ(၂၉)ရက် ညနေ(၄)နာရီလောက်မှာ ယာဉ်ရဲ့ ထိုင်ခုံကို ရှေ့တိုးနောက်ဆုတ် လုပ်မရတာကြောင့် ပြုပြင်ဖို့ တောင်ငူမြို့ထဲက ဝါယာရိန်းဆိုင်ကို ပို့ဆောင်ခဲ့ရာ နောက်ထိုင်ခုံဘေးက ကာဗာတွေကို ဖြုတ်စဉ် ယာဉ်အတွင်းကနေ မူးယစ်ဆေးဝါးလို့ ယူဆရတဲ့ အထုပ်တွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ပါမောက္ခချုပ်ထံကို အကြောင်းကြားပြီး ယာဉ်ကို ကွန်ပျူတာ တက္ကသိုလ်သို့ ပြန်လည်မောင်းနှင်ခဲ့ကာ ပါမောက္ခချုပ်က သက်ဆိုင်ရာ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကို အကြောင်းကြားပြီး စစ်ဆေးခဲ့ပါတယ်။ ယာဉ်အတွင်း ဘိန်းဖြူမှုန့်တွေထည့်ထားတဲ့ ဆပ်ပြာခွက်တွေ၊ (88)စာတမ်းပါ နီညိုရောင်ဆေးပြားတွေ စုစုပေါင်း ကာလတန်ဖိုးသိန်း (၂၂၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။


ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တောင်ငူမြို့မရဲစခန်းက အမှုဖွင့်ဆောင်ရွက်နေပြီး မူးယစ်ဆေးဝါးပိုင်ရှင်ကို စုံစမ်းဖော်ထုတ်နေတယ်လို့ သိရပါတယ်။


Crd; ကျော်သူဝင်း(တောင်ငူ)

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။