နှစ်နှစ်ကြာအောင်ဇွဲကောင်းကောင်းနဲ့ Crush အပြီးမှာ ကြောင်မလေးဆီက အချစ်ကိုရသွားခဲ့တဲ့ကြောင်ထီးလေး

လူသားကောင်လေးတွေ၊ ကောင်မလေးတွေဆီမှာပဲ ကြည်နူးစရာ၊ ချစ်စရာအချစ်ဇာတ်လမ်းလေးတွေရှိတယ်မထင်ပါနဲ့။ တိရစ္ဆာန်ဖြစ်တဲ့ ကြောင်ကလေးတွေဆီမှာလည်း သူတို့နည်းသူတို့ဟန်နဲ့ချစ်ဖို့ကောင်းတဲ့ ရိုမန့်တစ်ဆန်ဆန်ဇာတ်လမ်းလေးတွေရှိတတ်ကြပါတယ်။ အဲ့ဒီအဖြစ်အပျက်လေးတွေတကယ်ရှိတယ်ဆိုတာကို ဆိုဖီ နဲ့ စကော့တီ တို့ကသက်သေပြလိုက်ပါပြီ။

ဆိုဖီ ဟာ အမွှေးဖွားဖွားလေးနဲ့ချစ်စရာ Ragdoll အမျိုးအစားကြောင်မလေးဖြစ်ပြီး စကော့တီကတော့ ကလက်စစ်ပါရှန်း အမျိုးအစားကြောင်ထီးလေးပါ။ ဆိုဖီကိုစမြင်တုန်းက စကော့တီဟာ သူမကို အဝေးကနေပဲလှမ်းလှမ်းပြီး ငေးနေတတ်ပါတယ်။ စကော့တီရဲ့ နေ့စဉ်အလုပ်ဟာ ဆိုဖီရှိနေတတ်တဲ့နေရာလေးနဲ့မနီးမဝေးမှာထိုင်ရင်း တစ်နေကုန်သူမကို မျက်စေ့အောက်ကအပျောက်မခံပဲငေးကြည့်နေတတ်တာပါ။ ဆိုဖီ ကတော့ စကော့တီကို ရှိတယ်လို့တောင်မထင်ပဲ သူ့ဟာနဲ့သူကစားတာနဲ့ပဲအချိန်ကုန်၊ အလုပ်ရှုပ်နေတတ်ပါတယ်။

တဖြည်းဖြည်းနဲ့ စကော့တီဟာ ဆိုဖီရဲ့အနားကိုရောက်ရောက်လာခဲ့ပြီး ဆိုဖီလေးက သူ့ကိုများဖော်ဖော်ရွေရွေရှိမလားဆိုတဲ့အကြည့်လေးနဲ့ စောင့်နေတတ်ပါတယ်။ ဒါပေမယ့် အဲဒါအမြဲတစေတော့မဟုတ်ပါဘူး။ ဆိုဖီ စိတ်ကြည်နေတဲ့နေ့တွေမှာတော့ အဆင်ပြေပေမယ့် သူမ အဆင်မပြေ၊ စိတ်မကြည်ပဲ ဘူ နေတဲ့နေ့တွေမှာတော့ အော်ထုတ်ခံရတာ၊ အခန့်မသင့်ရင် အကုတ်တောင်ခံရပြီး ခပ်လှမ်းလှမ်းကိုထွက်ပြေးရတဲ့အထိပါပဲ။ ဒါပေမယ့် ချစ်ရသူဖြစ်တဲ့အတွက် စကော့တီလေးက သည်းခံရှာပါတယ်။ အဲ့ဒီလိုအချိန်က တစ်နှစ်ကျော်ကျော်လောက်ကြာပါတယ်။

နောက်ပိုင်းတွေမှာတော့ ဆိုဖီက စကော့တီကိုအနားကပ်ခံပါတယ်။ ဒါပေမယ့် ကစားအတူ၊ စားအတူဆိုတဲ့အဆင့်တော့မဟုတ်ပါဘူး။ ဘေးချင်းကပ်ထိုင်ရုံလေးပါပဲ။ အဲဒီအနေအထားနဲ့လည်း စကော့တီလေးက ဆိုဖီလေးကို မိတ်ဆက်ဖို့နောက်ထပ်လတော်တော်ကြာအောင်စောင့်ရပါသေးတယ်။ နောက်ဆုံးမှာတော့ ဇွဲကောင်းသလို၊ ရုပ်လေးကလည်း သူမလိုပဲ ချောချောသန့်သန့်မျိုးကောင်းလေးဖြစ်တာကြောင့် စကော့တီ ကို ဆိုဖီ ကခင်လာပြီး သူမအနားကိုကပ်ခွင့်ပေးလိုက်ပါတော့တယ်။

၂ နှစ်အကြာမှာတော့ စကော့တီ ဟာ ဆိုဖီ့ဆီက အချစ်ကိုပိုင်ဆိုင်လိုက်ရပါပြီ။ သူတို့နှစ်ကောင်ဟာ တစ်ကောင်နဲ့တစ်ကောင်မျက်စေ့အောက်က အပျောက်မခံလောက်အောင်ချစ်ကြတယ်လို့ သူတို့ရဲ့ပိုင်ရှင်တွေကဆိုပါတယ်။ စကော့တီလေးဟာ ဆိုဖီလေး လုပ်သမျှ ဆိုးသမျှသည်းခံတဲ့အပြင် ဆိုဖီရဲ့ အမူအရာလေးတွေကိုပါအတုခိုးတတ်ပါတယ်။

ခုဆိုသူတို့နှစ်ကောင်လုံးအတူတူရှိနေပြီး သခင်တွေအလစ်ဆိုရင် အကြင်နာတွေဘာတွေတောင်ခိုးပေးရင်ပေးနေကြမှာပေါ့။

Gabriel
Ref : Goodfullness


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။