သိပ်မကြာခင် စက်ဆီတွေ (၁)လီတာကို (၁)ထောင်ကျပ်အောက် ပြန်လည်ရောက်ရှိမည်ဟု သိရ

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ကျဆင်းလာစေရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံးဆီ လုပ်ငန်းရှင်များကို ထိုက်သင့်တဲ့ ဈေးနှုန်းဖြင့်ရောင်းချပေးရန် မေတ္တာရပ်ခံခြင်းများပြုလုပ်ထားပြီး မကြာခင်ရက်ပိုင်းအတွင်းမှာပဲ စက်သုံးဆီများ(၁)လီတာလျှင် ကျပ်(၁)ထောင်အောက်သို့ ပြန်လည်ရောက်ရှိသွားမည်ဟု သိရပါတယ်။


“ မကြာခင်မှာ ကျနော်ထင်တယ် ရန်ကုန်အထိုင် ဈေး(၁)ထောင်အောက်ကိုကျဖို့အတွက် လုပ်ငန်းရှင်တွေ အားလုံးကိုလည်း မေတ္တာရပ်ခံထားပါတယ်။ ဒီနေ့မနက်ဘဲ ကျနော့်ဆီစာဝင်လာပါတယ်။ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းကနေ လုပ်ငန်းရှင်တွေကိုဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနဲ့ရောင်းချပေးဖို့ စာတွေပို့ပါတယ်။ သူတို့ဖာသာ သူတို့အချင်းချင်းထိန်းညှိတဲ့ပုံစံနဲ့ဘဲ သွားနေတာဖြစ်ပါတယ် ” လို့ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးက ပြောပါတယ်။


ယနေ့နံနက်က နေပြည်တော်ရှိ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးရုံးတွင် ကျင်းပပြုလုပ်သော လစဉ်သတင်းထုတ်ပြန် ပွဲအခမ်းအနားမှာ မီဒီယာများကို အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ပြည်တွင်းစက်သုံးဆီများမှာ စင်္ကာပူနိုင်ငံမှတဆင့် တင်သွင်းနေရခြင်းဖြစ်တဲ့အတွက် ယခုရက်ပိုင်းအတွင် စင်္ကာပူဈေးနှုန်းများ ကျဆင်းလာသဖြင့် ပြည်တွင်းမှာလည်း အကျဖက်ကို ပြန်လည်ဦးတည်လာခြင်းဖြစ်ပါတယ်။ ယနေ့မနက်ဈေးနှုန်းများအရ ရန်ကုန်မြို့တွင် ပရီမီယံဒီဇယ်(၁)လီတာလျှင် (၁၀၇၀)ဖြစ်ပြီး၊ (95) တစ်လီတာလျှင် (၁၀၆၅)ကျပ်နှုန်းဖြစ်ပါတယ်။
Crd; Popular News

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။