ဈေးရောင်းသူများ ပြိတ္တာမဖြစ်အောင် ဈေးရောင်းနည်း


မြတ်စွာဘုရားလက်ထက်တော်က ရာဇဂြိုလ်ပြည်မှာ “ ဈေးသည်အမျိုးသမီး လေးယောက် ” ရှိပါတယ်။ သူတို့လေးယောက်မှာ လင်ယောင်္ကျားနဲ့ သားသမီးတွေလည်း ကိုယ်စီရှိကြပါတယ်။ သူတို့က ထောပတ်၊ ပျားရည်၊ ဆန်၊ ဆီ၊ ဆား စသည်တွေကို ရောင်းပြီး လင်ယောင်္ကျားနဲ့ သားသမီးတွေကို လုပ်ကျွေးနေကြတာပါ။ ဒါပေမယ့် သူတို့ဈေးရောင်းချမှုဟာ မှန်ကန်မှုမရှိပါဘူး။ အလေးခိုးသလို စဉ်းလဲကောက်ကျစ်တဲ့နည်းတွေနဲ့လည်းရောင်းလေ့ရှိပါတယ်။ ဈေးကိုလည်း ပုံမှန်ဈေးထက်၊ ပိုပိုတင်ပြီး ရောင်းတတ်ပါတယ်။ ဒီလိုရောင်းတဲ့အတွက် စီးပွားရေးက ခဏလေးနဲ့ တိုးတက်သွားပြီး၊ ခြံကြီးကြီး၊ အိမ်ကြီးကြီးတွေနဲ့ ဖြစ်သွားပါတယ်။


စီးပွားရေးတွေ အဆင်ပြေနေဆဲကာလမှာပဲ ဈေးသည်အမျိုးသမီးလေးယောက်ဟာအကြောင်းမယ်မယ်ရရမရှိဘဲနဲ့ ရှေ့ဆင့်၊ နောက်ဆင့်ကွယ်လွန်သွားကြပါသတဲ့။ ကွယ်လွန်ပြီး ဘယ်ရောက်သွားသလဲဆိုတော့ မြို့ကျုံးရဲ့ အပြင်ဘက်နားမှာ “ ပြိတ္တာမ ” တွေ သွားဖြစ်ပါသတဲ့။ ဒီတော့ လူ့ပြည်မှာကျန်ခဲ့တဲ့ လင်ယောင်္ကျားလေးယောက်က သူတို့ဇနီးတွေကို လွမ်းဆွေးတမ်းတ မနေကြပါဘူး။ ကွယ်လွန်ပြီးမကြာခင်မှာဘဲ ယခင်ဇနီးဟောင်းတွေထက်ချောတဲ့ငယ်တဲ့ ဇနီးသစ်ကလေးတွေကို ကိုယ်စီကောက်ယူလိုက်ကြပါသတဲ့။ ပြီးတော့ ဇနီးဟောင်းတွေရှာခဲ့တဲ့ ပစ္စည်းတွေကို ဇနီးသစ်ကလေးတွေနဲ့ ဒူးနံှ့ပြီး သုံးဆောင်ခံစားနေကြပါသတဲ့။ ပြိတ္တာဖြစ်နေတဲ့ ဈေးသည် မိန်းမလေးယောက်ဟာ သူတို့ရှာဖွေခဲ့တဲ့ပစ္စည်းလေးတွေကို ခင်ပွန်းလောင်းက နောက်မိန်းမနဲ့ ပျော်ပျော်ပါးပါးခံစား သုံးဆောင်နေကြတာ တွေ့ရတော့ ပြိတ္တာဖြစ်နေလို့ စိတ်ဆင်းရဲနေရတဲ့အထဲ “ လုပ်ရက်လေခြင်း ” ဆိုပြီး ပိုစိတ်ဆင်းရဲသွားကြပါသတဲ့။ ဒါကြောင့် ကျုံးအပြင်ဘက်ကနေ မြို့ထဲကလူတွေကြားအောင် အသံဆိုးကြီးတွေနဲ့လှမ်းလှမ်းအော်ပါတော့တယ်။


ဘယ်လိုအော်သလဲဆိုတော့…“ ငါတို့ဟာ လိမ်လည်ကောက်ကျစ်ပြီး ဈေးရောင်းခဲ့တဲ့အတွက် ပြိတ္တာမတွေဖြစ်နေရတယ်။ ငါတို့ရှာခဲ့တဲ့ ပစ္စည်းတွေကိုတော့ ခင်ပွန်းဟောင်းတွေက နောက်မိန်းမငယ်လေးတွေနဲ့ ခံစားပျော်ပါးနေကြတယ်။ ဥစ္စာပစ္စည်းရှာခဲ့တဲ့ ငါတို့မှာတော့ ကိုယ်ရှာခဲ့တာမသုံးဆောင်ရဘဲ၊ ဆင်းရဲဒုက္ခမျိုးစုံနဲ့ ကြုံနေရတယ် ” လို့ အော်ကြပါတယ်။ ညညဆို ကျုံးအပြင်ဘက်ကနေ အသံဆိုးကြီးတွေနဲ့ လှမ်းလှမ်းအော်နေတော့၊ မြို့ထဲမှာနေကြတဲ့သူတွေက ထိတ်လန့်ကုန်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားအမှူးရှိတဲ့ သံဃာတော်တွေကိုပင့်ပြီး ဆွမ်းကပ်၊ ဆွမ်းကပ်ပြီးတဲ့အခါကျတော့ မြတ်စွာဘုရားကို ကျုံးအပြင်ဖက်ကလှမ်းလှမ်းအော်နေကြတဲ့အကြောင်း လျှောက်ပြကြပါတယ်။ ဒီတော့ မြတ်စွာဘုရားက “ ဒကာတို့ ဒီအသံတွေက သင်တို့ကိုအန္တရာယ်ပြုမယ့် အသံတွေ မဟုတ်ပါဘူး။ ပြိတ္တာမလေးယောက် ဆင်းရဲခြင်းတွေ နှိပ်စက်နေလို့အော်နေကြတာပါ ” လို့ မိန့်တော်မူပြီးဖြစ်ကြောင်းကုန်စင်ကို မြတ်စွာဘုရားက ပြန်ဟောပြပါတယ်။


မြတ်စွာဘုရားက တဆက်တည်းမှာ သစ္စာလေးပါးကို ဆက်ဟောပြပေးပါတယ်။ တရားဆုံးမှာတော့ တရားနာပရိသတ်တွေ သောတာပတ္တိဖိုလ်စတဲ့ တရားထူးတွေရသွားကြပါတယ်။ စာထဲမှာတော့ ဈေးသည်ပြိတ္တာမလေးယောက်ပါ။ တရားထူးရသွားတယ်လို့ပြမထားပါဘူး။ တခြားအဖွင့်တွေမှာပြထားရင်တော့ မပြောတတ်ပါဘူး။ ဘာပဲပြောပြော စဉ်းလဲကောက်ကျစ်တဲ့နည်းတွေနဲ့ ဈေးရောင်းတဲ့အတွက် သေတဲ့အခါပြိတ္တာဖြစ်သွားရတာကတော့ အမှန်ပါပဲ။


ယနေ့ခေတ်မှာလည်း တစ်ချို့ပုဂ္ဂိုလ်တွေဟာ စဉ်းလဲကောက်ကျစ်တဲ့နည်းမျိုးစုံနဲ့ ဈေးရောင်းနေကြတာတွေရှိပါတယ်။ “ ကားကို လိမ်ရောင်းတာ၊ တီဗွီကိုလိမ်ရောင်းတာ၊ ထီကိုလိမ်ရောင်းတာ၊ ကြက်သားကိုရေထိုးပြီးရောင်းတာ၊ ပဲတွေထဲကို ခဲထည့်ပြီးရောင်းတာ၊ ဆန်အသစ်နဲ့ အဟောင်းတွေရောရောင်းတာ၊ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို လိမ်ရောင်းတာ၊ တန်ဖိုးနည်းတဲ့ ပစ္စည်းတွေကို လိမ်ရောင်းတာ ” စသည့်ဖြင့်အများကြီးပါ။ မလှူတတ်ရင် ဈေးရောင်းဆိုတဲ့ မြန်မာစကားပုံတွေလည်း ရှိပါတယ်။


ကံဆိုတာပြုပြီးရင်မြောက်သွားတာပါ။ ဘာမှ ပြန်လုပ်လို့မရတော့ပါဘူး။ မြောက်သွားတဲ့ကံက အလကား နေတော့မှာ မဟုတ်ပါဘူး။ အခွင့်အခါသင့်တာနဲ့ ပြန်အကျိုးပေးတော့မှာပါ။ ကောက်ကျစ်စဉ်းလဲတဲ့ ကံတွေများရင်များသလောက် အကျိုးပေးမှာပါ။ ကိုယ်က ပြုပြီး၊ စားသောက်ပြီး၊ မေ့ချင်မေ့နေမယ်။ ကံကတော့ မမေ့ပါဘူး။ အချိန်တန်ရင် သူ့အလုပ် သူလုပ်မှာပါ။ မှန်မှန်ကန်ကန်နဲ့ မေတ္တာစေတနာအပြည့်နဲ့ ဈေးရောင်းနေကြတဲ့ ဈေးသည်တွေလည်းအများကြီးပါ။ ကိုယ်ကမှန်မှန်ကန်ကန် ရောင်းခဲ့တဲ့အတွက်၊ မေတ္တာစေတနာထားရောင်းခဲ့တဲ့အတွက် ကိုယ်ပြုခဲ့တဲ့ကံကလည်း အလကားနေမှာမဟုတ်ပါဘူး။ သူ့အကျိုးအားလျော်စွာ တုန့်ပြန်မှာပါ။

လူတွေက ကိုယ့်ရဲ့အပြုအမူတွေကို မေ့ခြင်း(၃)မျိုးနဲ့ ချိန်ကြည့်လို့ရပါတယ်၊ မေ့ခြင်း(၃)မျိုးဆိုတာက …
၁။ အမေ့ကြီး မေ့နေတာရယ်
၂။ အသင့်အတင့် မေ့နေတာရယ်
၃။ မမေ့သင့်တာကို မေ့နေတာရယ်ပါ


၁။ အမေ့ကြီး မေ့နေတယ်ဆိုတာ . . .

ငွေရဖို့ အဓိက ၊ ပစ္စည်းဥစ္စာရဖို့အဓိက ၊ ရာထူး အာဏာရဖို့ အဓိက၊ အောင်မြင်ကျော်ကြားဖို့ အဓိက. . . .။  အဲသလို နှလုံးသွင်းပြီး မသမာတဲ့ နည်းမျိုးစုံ၊ ကောက်ကျစ်စဉ်းလဲတဲ့ နည်းမျိုးစုံ၊  ဒုစရိုက်နည်းမျိုးစုံနဲ့ စီးပွားရှာနေကြတာပါ ။ အဲဒီလို ပုဂ္ဂိုလ်မျိုး တွေ သေရင် ပြိတ္တာဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အပ္ပာယ်ငရဲကျမှာပါ ။


၂။ အသင့်အတင့် မေ့နေတယ် ဆိုတာ . . .

ကာမဂုဏ်အာရုံတွေမှာ စိတ်ညွှတ်ပြီး ကုသိုလ်ကောင်းမှုပြုဖို့၊ တရားအားထုတ်ဖို့ မေ့နေတာပါ။ ကိုရီးယား ဇာတ်ကားလေး ကြည့်ပြီး မေ့နေတာ၊ ဘောလုံးပွဲကို ည (၁)နာရီ (၂)နာရီထိ စောင့်ကြည့်ပြီး မေ့နေတာ၊ မင်္ဂလာဧည့်ခံပွဲတွေမှာ ငါ့ဝတ်စားဆင်ဆင်မှုက သူတို့ထက်သာတယ်ဆိုပြီး သာယာစွာမေ့နေတာ၊ ငါ့ဘဝမှာ “ ကိုကိုသာ အဓိက ” ဆိုပြီး ကိုကို အတွက်သာ အချိန်ကုန်ပြီး တရားအားထုတ်ဖို့ မေ့နေတာ။ ကိုယ့်ရဲ့ မြေးလေးနဲ့ပဲ အချိန်ကုန်ပြီး မေ့နေတာ ။ ဒီမေ့ခြင်းတွေက အပ္ပာယ်ငရဲကို ကျစေတတ်တဲ့ မေ့ခြင်းတော့ မဟုတ်ပါဘူး ၊ ဒါပေမယ့် သံသရာရှည်ပြီး နိဗ္ဗာန်နဲတော့ ဝေးစေတာပါ။


၃။ တတိယကမမေ့သင့်တာ မေ့နေတယ်ဆိုတာကတော့ . .

တရားရိပ်သာဝင်တဲ့အခါ အမှတ်တွေ ကျဲကျဲနေတာကို ပြောတာပါ။ တရားထိုင်တဲ့အခါ စိတ်တွေက တောင်ရောက်၊ မြောက်ရောက်၊ အိမ်ရောက်၊ ရုံးရောက်၊ ချစ်သူဆီရောက်နဲ့ သမာဓိတွေ ကျဲနေတာပါ။ ဒီမေ့ခြင်းက ငရဲကို ကျစေတတ်တဲ့ မေ့ခြင်း မဟုတ်ပါဘူး။ ဒါပေမယ့် တရားအတွေ့တွေ နှေးနေတတ်ပါတယ်။


Credit:

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။