လက်ထပ်ပြီးခါစ ဇနီးအပေါ် စိတ်ဆိုးရာမှ ပါးစပ်အတွင်း အက်စစ်များ လောင်းထည့်

လက်ထပ်ကာစ ဇနီးသည်၏ မျက်နှာနဲ့ ပါးစပ်အတွင်းသို့ အက်ဆစ်များလောင်းပက်ခဲ့တဲ့အတွက် အသက်(၅၀)အရွယ် အမျိုးသားတစ်ဦးကို ထိုင်းရဲများက တနင်္ဂနွေနေ့ညတွင် ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။


ခမ်တန်ဆင်ဟာနတ်ဆိုတဲ့ အသက်(၅၀)အရွယ် အမျိုးသားနဲ့ အသက်(၃၈)နှစ်အရွယ်ရှိ ဇနီးသည် ချော်လာဒါတာရာဝမ်တို့ နှစ်ဦးဟာ မကြာသေးခင်ကမှ လက်ထပ်ခဲ့ကြတဲ့ ကြင်စဦးဇနီးမောင်နှံလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဇနီးအပေါ် သဝန်တိုရာမှ စနေနေ့ညတွင် လင်မယားချင်းရန်ဖြစ်ကာ ဇနီးရဲ့ မျက်နှာပေါ်နဲ့ပါးစပ်အတွင်းသို့ အက်ဆစ်များလောင်းချခဲ့ကြောင်းသိရပါတယ်။


အဆိုပါလုပ်ရက်ကြောင့် ဇနီးရဲ့ (၁၂)နှစ်အရွယ် သမီးငယ်မှာ မိခင်ကို ဘန်းမော့ဒ်ဆေးရုံသို့ တက္ကစီဖြင့် အလျင်အမြန်ပို့ဆောင်ပေးခဲ့ရာတွင် တက္ကစီဆရာက အမျိုးသမီး၏ အခြေအနေမှာ အတော်ဆိုးရွားသဖြင့် အနီးဆုံးဆေးရုံ ပရာရမ် (၂)သို့ ပို့ပေးခဲ့သည်။ ပရာရမ်(၂)သို့ ရောက်အပြီးတွင် ဆေးရုံဝန်ထမ်းက လူနာနဲ့ သမီးဖြစ်သူတို့ကို ဘန်းမော့ဒ်ဆေးရုံသို့သာ သွားရန် တက္ကစီနောက်တစ်စီးဖြင့် တင်ပေးလိုက်ရာ လူနာမှာ လမ်းတွင်သေဆုံးခဲ့ပါတယ်။


အဆိုပါဖြစ်ရပ်ကြောင့် တနင်္ဂနွေနေ့တွင် သေဆုံးသူအမျိုးသမီးရဲ့ ဒေါသူပုန်ထနေတဲ့ ဆွေမျိုး(၂)ယောက်နှင့် တက်ကြွလှုပ်ရှားရေး ရှေ့နေတို့က ပရာရမ်(၂)ဆေးရုံသို့ ရောက်ချလာပြီး အမျိုးသမီးကို အကူအညီပေးရန် ပျက်ကွက်ခဲ့မှုအတွက် အပြစ်တင်ခဲ့ပါတယ်။ လူနာအသည်းအသန်ဖြစ်မဖြစ်ကို ဆရာဝန်ဖြင့် ပရာရမ်(၂)က မစစ်ဆေးပေးလိုက်သောကြောင့် အခြားဆေးရုံသို့ သွားနေစဉ် သေဆုံးရခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့ပါတယ်။


လူနာမှာ ၎င်းအတွက် ဆေးဝါးကုသခွင့်ရှိတဲ့ ဘန်းမော့ဒ်ဆေးရုံသို့သာ သွားလိုခဲ့ကြောင်း ပရာရမ်(၂)ဆေးရုံစီမံခန့်ခွဲရေးအဖွဲ့က ဖြေရှင်းခဲ့ပါတယ်။ ပရာရမ်(၂)ဝန်ထမ်းက လူနာကို ရှေးဦးသူနာပြုနည်းများဖြင့် ကုသပေးခဲ့ပြီး လူနာရဲ့အခြေအနေမှာ အသည်းအသန်အဆင့် မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
လူနာကို တက္ကစီဖြင့် တင်ပေးလိုက်ရာ၌ သူနာပြုတစ်ဦးက ကားခဘတ်(၄၀)ကိုပါ ထုတ်ပေးခဲ့ပါတယ်။ လူနာကို ကုသပေးရန် ပရာရမ်(၂)ဆေးရုံက ပျက်ကွက်ခဲ့ခြင်းအပေါ် ကျန်းမာရေးဝန်ဆောင်မှုဌာနက စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီဟု သိရပါတယ်။


Crd;

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။