ခေါက်ဆွဲခြောက်ထုပ်ကိုတစ်နှစ်နီးနီးညစဉ်ပြုတ်စားခဲ့တဲ့ ၁၈ နှစ်အရွယ်ကျောင်းသား အစာအိမ်ကင်ဆာဖြစ်နေ

၁၈ နှစ်အရွယ်ထိုင်ဝမ် အထက်တန်းကျောင်းသားတစ်ဦး ( အမည်မဖော် ) ဟာ နှစ်ဆုံးစာမေးပွဲအတွက် မနားမနေကြိုးစားလိုက်တာ ညစာတောင် ပြင်ဆင်ပြီးမစားနိုင်တဲ့အထိပါပဲ။ စာမေးပွဲအတွက် လုံးပန်းနေရတာကြောင့် သူဟာ တစ်နှစ်နီးနီးလောက်ထိ ညစဉ်ညတိုင်း အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေကိုပဲ ပြုတ်စားခဲ့ပါတယ်။

သူ့ရဲ့ အိပ်မက်က ထိုင်ဝမ်က နာမည်ကြီး နည်းပညာ နဲ့ စက်မှု တက္ကသိုလ်ကြီးတစ်ခုကို ဝင်ခွင့်ရဖို့ပါ။ ဒါပေမယ့် သူ့ရဲ့ အိပ်မက်ကိုအခုအခါမှာ လက်လွှတ်ရဖွယ်ရှိနေပါတယ်။ အကြောင်းကတော့ အဆာလွန်တာတွေ၊ ခေါက်ဆွဲခြောက်ထဲမှာ ပါဝင်တဲ့ မယ်လ်မင်းဓာတ်တွေ ကြောင့် သူဟာ အစာအိမ်ကင်ဆာကို ခံစားနေရလို့ပါပဲ။

ဗိုက်ထဲကနေ မခံမရပ်နိုင်အောင် နာကျင်တဲ့ဝေဒနာကို တစ်ပတ်လောက်ခံစားခဲ့ရပြီး အစမှာတော့ အစာအိမ်လေအောင့်တာထင်ခဲ့ပေမယ့် အိမ်ကလူတွေရဲ့ တိုက်တွန်းမှုကြောင့် ဆေးခန်းသွားပြခဲ့ရာမှာ ဆေးခန်းက ကင်ဆာဖြစ်နိုင်ကြောင်း၊ အသားစ စစ်ဆေးဖို့တိုက်တွန်းတာနဲ့ ထိုင်ဝမ်က နာမည်ကြီးဆေးရုံတစ်ခုမှာ ပြသခဲ့ပါတယ်။ စစ်ဆေးမှုတွေပြုလုပ်အပြီးမှာတော့ အစာအိမ်ကင်ဆာ S 3 ( တတိယအဆင့် ) ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။

ကျောင်းသားဟာ အဲ့ဒီဖြစ်ရပ်တွေမတိုင်ခင်ကလည်း မကြာခဏ အဖျားရောဂါကို ခံစားခဲ့ရပေမယ့် ဆေးခန်းပြတာလောက်နဲ့ပဲ ပြီးသွားတယ်လို့ဆိုပါတယ်။ အခုလိုတွေ့ရှိခဲ့ချိန်မှာတော့ ကင်ဆာဆဲလ်တွေဟာ အစာအိမ် နဲ့အူနံရံတွေပေါ်တောင် ရောက်ရှိနေခဲ့ပါပြီ။ နောက်ပြီး သူ့ရဲ့အသည်းဟာလည်း ပျက်စီးနေခဲ့ပြီဖြစ်ပါတယ်။ ဆရာဝန်က ကျောင်းသားဟာ အလွန်ဆုံး နောက်ထပ်တစ်နှစ်နီးပါးလောက်ပဲ နေရတော့မယ်လို့ပြောခဲ့ပါတယ်။
အစာအိမ်ဖြစ်စေတဲ့အကြောင်းရင်းကို ဆရာဝန်ကပြောကြားရာမှာ ခေါက်ဆွဲခြောက်တင်မဟုတ်ပဲ ချက်ပြုတ်တဲ့နေရာမသန့်ရှင်းမှုတွေပါ ပါဝင်နိုင်တယ်လို့ဆိုပါတယ်။ သူချက်ပြုတ်တဲ့နေရာဟာ စွတ်စိုထိုင်းမှိုင်းနေပြီး ဘေစင် နဲ့ မီးဖိုချောင်မှာလည်း ရေညှိ နဲ့ မှိုတွေကပ်နေတယ်လို့ အတူနေသူငယ်ချင်းတစ်ယောက်က ဆိုပါတယ်။

အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေနဲ့ပတ်သက်ပြီး ၂၀၁၄ တုန်းက ဟားဗတ်တက္ကသိုလ်က ထုတ်ပြန်ခဲ့ရာမှာ ခေါက်ဆွဲခြောက်တွေအလွန်အမင်းစားသုံးခြင်းဟာ နှလုံးရောဂါ၊ အရိုးကျွတ်ဆတ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ သွေးတိုး နဲ့ လေးဘက်နာရောဂါ ဖြစ်တာတွေဖြစ်နိုင်သလို၊ ဖြစ်ဖို့အခွင့်အလမ်းတွေနဲ့လည်းဆက်နွယ်နေတယ်လို့သိရပါတယ်။

၂၀၁၂ မှာတော့ တောင်ကိုရီးယားအစိုးရဟာ နုံရှင်းမ် ( Nongshim ) ကုမ္ပဏီ ကထုတ်လုပ်တဲ့ ခေါက်ဆွဲခြောက်အမျိုးအစားနှစ်မျိုးကို ရောင်းချခွင့်ပိတ်ပင်ပြီး ကုမ္ပဏီကို ဒဏ်ရိုက်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ မယ်လ်မင်း နဲ့ ခဲဓာတ်ပါဝင်မှုမြင့်တက်နေလို့ပါပဲ။

မြန်မာနိုင်ငံထဲမှာလည်းခေါက်ဆွဲခြောက်စားသုံးမှုက မြင့်တက်နေပါတယ်။ အကြောင်းရင်းကတော့ ဈေးကွက်ထဲမှာ ရွေးချယ်စရာ အနံ့အရသာများလွန်းတဲ့အမျိုးအစားတွေ၊ ရုပ်ရှင်တွေထဲမှာ စားပြတာတွေက အဓိကဖြစ်ပါတယ်။
သာဓက အနေနဲ့ ခေါက်ဆွဲခြောက်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတင်ပြလိုက်တာဖြစ်ပါတယ်။ လုံးလုံးမစားရဘူးလို့ မဆိုလိုပါဘူး။ ကြိုက်ရင်စားပါ။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း တော်ရုံသင့်ရုံစားတာက ပိုပြီးကောင်းမယ်လို့ အကြံပြုလိုက်ရပါတယ်။

Gabriel
Ref : feedytv.com







we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။