ကျောက်ကပ်ပျက်စီးစပြုနေပြီဖြစ်ကြောင်း ပြသနေတဲ့လက္ခဏာများ

ကျောက်ကပ်တွေဟာ ခါးနောက်အောက်ပိုင်း ကျောရိုးမ တစ်ဖက် တစ်ချက်စီမှာ တစ်လုံးစီရှိတဲ့ ကိုယ်တွင်း အင်္ဂါတစ်စုံပါ။ ကျောက်ကပ်က သွေးတွေကို စစ်ထုတ်ပေးရာမှ ထွက်ရှိလာတဲ့ အဆိပ်တွေကို
ဆီးအဖြစ် ဆီးအိတ်မှတစ်ဆင့် ခန်္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်ပေးပါတယ်။ ကျောက်ကပ်ပျက်စီးနေရင် ကျောက်ကပ်က သွေးထဲက အညစ်အကြေး၊ အဆိပ်အတောက်တွေကို စစ်ထုတ် မပေးနိုင်တော့ပါဘူး။ ကျောက်ကပ်ပျက်စီးစ ပြုနေတဲ့လက်္ခဏာတွေကို သိရှိထားရင် ကျောက်ကပ် ထပ်မံ မပျက်စီးအောင် ကာကွယ်နိုင်တာမို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ ဆီးထဲသွေးပါခြင်း

ကျန်းမာရေးကောင်းတဲ့ ကျောက်ကပ်တွေဟာ သွေးထဲက အညစ်အကြေးတွေ စစ်ထုတ်ပြီး ဆီးအဖြစ် ပြောင်းလဲပေးတဲ့အခါမှာ သွေးဆဲလ်တွေ မပျက်စီးအောင် ထိန်းသိမ်းပေးပါတယ်။ ဒါပေမဲ့ ကျောက်ကပ်ရဲ့ စစ်ထုတ် လုပ်ငန်းပျက်စီး သွားတဲ့အခါမှာ သွေးဆဲလ်တွေက ဆီးထဲကို စိမ့်ပြီး ထွက်သွားပါတယ်။ ဆီးထဲမှာ သွေးပါတာက ကျောက်ကပ် ကျောက်တည်တာ၊ ကျောက်ကပ် ကင်ဆာဖြစ်တာ ဒါမှမဟုတ် ရောဂါပိုး ဝင်တာတွေရဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။

၂။ မကြာခဏ ဆီးသွားခြင်း

ခါတိုင်းထက်ပိုပြီး ဆီးသွားတဲ့အကြိမ်ရေ များလာခဲ့ရင် (အထူးသဖြင့် ညဘက်) ကျောက်ကပ်ရောဂါရဲ့ လက္ခဏာပါ။ ကျောက်ကပ်ရဲ့ စစ်ထုတ်လုပ်ငန်းတွေ ပျက်စီးသွားတဲ့အခါမှာ ဆီးသွားချင်စိတ်တွေ ပိုများလာတာကြောင့်ပါ။ ဒီလက္ခဏာက ဆီးလမ်းကြောင်း ပိုးဝင်တာ ဒါမှမဟုတ် အမျိုးသားတွေမှာ ဆီးကျိတ်ကြီးလာတာကြောင့်လည်း ဖြစ်တတ်ပါတယ်။

၃။ နေ့ခင်းပိုင်းမှာ မောပန်းနေပြီး အားမရှိသကဲ့သို့ ဖြစ်နေခြင်း

မောပန်းတာက EPO ခေါ်တဲ့ Erythroppoietin ဟော်မုန်း လျော့နည်းနေတာကြောင့်ပါ။ EPO က သွေးနီဥတွေ ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ သွေးနီဥတွေက ခန္ဓာကိုယ်က ဆဲလ်တွေအတွင်း အောက်ဆီဂျင်သယ်ဆောင်ဖို့ လိုအပ်ပါတယ်။ ပျက်စီးနေတဲ့ ကျောက်ကပ်တွေက EPO ကို လုံလုံလောက်လောက် မထုတ်လုပ်ပေးနိုင်တဲ့အတွက် သွေးနီဥ အရေအတွက်တွေ လျော့ကျနေတာကြောင့် မောပန်းတဲ့ဝေဒနာ ခံစားရတာဖြစ်ပါတယ်။

၄။ ခန္ဓာကိုယ်အတွင်း အရည်စုဆောင်းမှုများလာခြင်းကြောင့် ဖောရောင်ခြင်းနှင့် ကိုယ်အလေးချိန် မြင့်တက်လာခြင်း

သင့်ကျောက်ကပ်တွေက ခန္ဓာကိုယ်က ထွက်လာတဲ့ အညစ်အကြေးတွေကို ဆီးအဖြစ် စွန့်ထုတ်ပစ်ဖို့ တာဝန်ရှိပါတယ်။ ကျောက်ကပ်က ကောင်းကောင်း အလုပ်မလုပ်နိုင်ရင် ခန္ဓာကိုယ်အတွင်း အရည်စုဆောင်းမှုများလာပြီး တစ်သျှူးအတွင်း ဖောရောင်မှုတွေ ဖြစ်လာနိုင်ပါတယ်။

၅။ သွေးဖိအား မြင့်တက်လာခြင်း

ကျောက်ကပ်ပျက်စီးစပြုလာတဲ့အခါမှာ ကျောက်ကပ်အတွင်းမှ သွေးကြောတွေ အားနည်းသွားပြီး အမာရွတ်တွေ ဖြစ်လာကာ သွေးဖိအားကို မထိန်းချုပ်နိုင်တော့ပါဘူး။

၆။ ယားယံခြင်း

ကိုယ်အတွင်း အညစ်အကြေးနဲ့ ယူရစ်အက်စစ်တွေ စုဆောင်းမှုများလာတဲ့အခါ ခန္ဓာကိုယ်မှာ ယားယံတဲ့အကွက်တွေ ပေါ်ပေါက် လာနိုင်ပါတယ်။ ယူရစ်အက်စစ်တွေ စုဆောင်းမှုများနေတာကြောင့် အနီရောင် အစက်အပြောက်တွေလည်း ထွက်လာတတ်ပါတယ်။

၇။ ရင်တုန်ခြင်း

ကျောက်ကပ် ပျက်စီးနေတာကြောင့် ကိုယ်အတွင်း ပိုတက်စီယမ် စုဆောင်းမှု များလာကာ နှလုံးခုန်နှုန်း ပုံမမှန်ဖြစ်လာပါတယ်။

၈။ ကြွက်တက်ခြင်း

ကျောက်ကပ် လုပ်ဆောင်ချက်တွေ ပျက်စီးသွားတဲ့အတွက် ခန္ဓာကိုယ်အတွင်း ဓာတ်ဆားတွေ ညီညွတ်မျှတမှု မရှိနိုင်တော့ပါဘူး။ ဖော့စ်ဖရပ်စ်နဲ့ ကယ်လ်စီယမ်တွေ လျော့နည်းသွားနိုင်တာကြောင့် ကြွက်တက် တတ်ပါတယ်။

၉။ ပျို့ခြင်းနှင့် အန်ခြင်း

ခန္ဓာကိုယ်အတွင်း ယူရီးမီးယားလို့ ခေါ်တဲ့ ဆီးဆိပ်တွေ စုဆောင်းမှုများလာတဲ့အခါမှာ ကိုယ်က အဆိပ်အတောက်ကို ဖယ်ရှားလိုတဲ့ ခံစားချက်ကြောင့် ပျို့တာ၊ အန်တာတွေ ဖြစ်ပေါ်လာပါတယ်။

၁၀။ ဆီးအမြှုပ်ထခြင်း

ဆီးအမြှုပ်ထနေတာက ဆီးထဲမှာ ပရိုတင်းပါဝင်နေတာကို ညွှန်ပြနေတာပါ။ ကြက်ဥအစိမ်းကို ခေါက်မွှေလိုက်တဲ့အခါမှာ ထွက်လာတဲ့အမြှုပ်နဲ့ ဆင်တူပါတယ်။ ဆီးထဲမှာ တွေ့ရတဲ့ ပရိုတင်းက ကြက်ဥထဲမှာ ပါဝင်တဲ့ ပရိုတင်း အယ်လ်ဗျူမင် အမျိုးအစားနဲ့ တူနေတာကြောင့်ပါ။

Gabriel
Crd : ဒေါက်တာခင်မိုးမိုး








we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။