ပျော်စရာကောင်းတဲ့ သူခိုးကြီးညပွဲတော်မှ စက်ဆုတ်ဖွယ်ကောင်းသွားတဲ့ သူခိုးကြီးည

တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်နေ့ သူခိုးကြီးညဟု အမည်တပ်၍ စာရေးသူ လူငယ်ဘဝကပင် စနောက်ကျီဆယ်ခဲ့တဲ့ သဘောနဲ့ နေအိမ်တွေက ပန်းအိုးများ၊ ရေတိုင်ကီများအပြင် အခြားသော အိမ်ရှေ့ပစ္စည်းများ၊ အမှိုက်ပုံးများကအစ၊ အိမ်နောက်ပစ္စည်းများ ထဘီများပါမကျန် နေရာရွှေ့ပြောင်းခြင်းများ ရယ်စရာ ပျော်စရာအဖြစ် နောက်ပြောင်ခဲ့ဖူးပါတယ်။ မနက်မိုးလင်းတဲ့အခါ တစ်အိမ်နဲ့ တစ်အိမ် ပစ္စည်းများပြန်လည် အလဲလှယ်ခြင်း၊ ရယ်မော၍ လိုက်လံရှာဖွေခြင်းတွေကြောင့် ရီစရာပျော်စရာကောင်းတဲ့ ရပ်ကွက်နေ ကာလသားဘဝကို ပြန်လည်အောက်မေ့မိပါတယ်။

ဒါ့အပြင် ကျီးမနိုးပွဲမှာ မပါမဖြစ်ပါဝင်တဲ့ ကာလသားချက်လို့ခေါ်တဲ့ ကြက်သားဘူးသီး အရည်ကျဲကျဲချက်လေးနဲ့အတူ သူငယ်ချင်းတွေ ဝိုင်းဖွဲ့ပြီး စားကြသောက်ကြတာမို့ ညသန်းခေါင်အကျော်အထိ ပျော်ရွှင်ခဲ့ရဖူးပါတယ်။ ဒီတော့ သူခိုးကြီးည ဘယ်လိုဖြစ်လာလဲဆိုတာ အရင်ရှင်းပြချင်ပါတယ်။

သူခိုးကြီးငတက်ပြားကို အစွဲပြုပြီး သူခိုးကြီးညဖြစ်လာခဲ့တာမို့ သူခိုးကြီးငတက်ပြားအကြောင်းအရင်ပြောမယ်နော်။ သူခိုးကြီးငတက်ပြားကို နဝင်း(၁၀၈)ပါးနဲ့ နက္ခတ်တာရာတွေစုံတဲ့ တန်ဆောင်တိုင်လပြည့်ည ထိုးကွင်းမှင်ကြောင်ထိုးပြီး ဆေးအောင်လို့ ကိုယ်ဖော့နိုင်တာ၊ ကြောင်တစ်ကောင်လို ပေါ့ပါးသွပ်လတ်စွာ သွားလာနိုင်တာတွေအပြင် ပေါ့ပါးလွန်းလှလို့ ဌက်ပျောရွက်ပေါ်မှာတောင် လဲလှောင်းနိုင်တယ်လို့ ပါးစပ်ရာဇဝင်တွေ၊ ဒဏ္ဍာရီတွေ ရှိခဲ့ပါတယ်။ သူခိုးကြီးငတက်ပြား ဆေးအောင်ခဲ့တဲ့ တန်ဆောင်မုန်းလပြည့်နေ့ကို အစွဲပြုပြီး နောင်လာနောက်သားတွေလဲ သူခိုးကြီးညလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်။ 

ဟိုးအရင်ခေတ်တွေက ပျော်စရာကောင်းတဲ့ သူခိုးကြီးညဆိုတာ …………..

အတိုချုပ်ပဲပြောတော့မယ်နော်။ စာပေတွေထဲမှာ ရေးသားထားချက်အရ မြို့နယ်နေ၊ ကျေးရွာနေ ကာလသားတွေဟာ အပျော်သဘောနဲ့ ပိုင်ရှင်တွေရဲ့ ပစ္စည်းတွေကို ခိုးယူပြီး ရွာအလယ် မဏ္ဍပ် (သို့) ရပ်ကွက်ရဲ့ အလယ်တည့်တည့်မှာ လာရောက်စုပုံထားကြပါတယ်။ မနက်မိုးလင်းတဲ့အခါမှာ ပစ္စည်းပျောက်တဲ့သူတွေက ရွာအလယ် မဏ္ဍပ် (သို့) ရပ်ကွက်ရဲ့ အလယ်ခေါင်မှာ မိမိ ပစ္စည်းကို အခငွေပေး၍ဖြစ်စေ၊ သင်္ဃန်းပရိက္ခရာ ပေး၍ဖြစ်စေ၊ စားဦး စားဖွယ် လှူဖွယ်ပစ္စည်းများနှင့်ဖြစ်စေ ပြန်လည် လဲလှယ်ယူကြရပါတယ်။ အဲ့ဒီအချိန်မှာ မိမိပစ္စည်း မိမိပြန်၍ လဲလှယ်ယူရတယ်ဆိုပေမယ့် အမျတ်ဒေါသမရှိဘဲ ရယ်ကြမောကြနဲ့မို့ ပျော်ရွှင်ဖို့ကောင်းလှပါတယ်။ အဲ့ဒီက ရရှိတဲ့ ငွေကြေးများ၊ ပစ္စည်းတွေကို စုပြီးတော့ အဖွဲ့ရဲ့ ကာလသားခေါင်းဆောင်တွေ ဦးဆောင်ပြီးတော့ ရပ်ကွက်အတွင်း (သို့) ရွာအတွင်းက မရှိဆင်းရဲနွမ်းပါးသူတွေကို စုပေါင်းရှင်ပြုအလှူဒါန်းလုပ်ဖို့အတွက် အသုံးပြုကြသလို စားဦး စားဖွယ် လှူဖွယ်ပစ္စည်းတွေကိုတော့ ဘုန်းကြီးကျောင်းသို့ လှူဒါန်းကြတယ်လို့ စာအုပ်စာပေတွေထဲမှာ ရေးသားထားလို့ လေ့လာမှတ်သားဖူးပါတယ်။ နောက်ထပ် သဘောကျဖို့ကောင်းတာက ကာလသားတွေ ရသမျှ နောက်ပြောင်ခိုးပေမယ့် ခိုးလို့ရတဲ့အထဲမှာ ထဘီတို့ ပုဆိုးတို့ပါလာရင် အဲ့အိမ်ရှေ့မှာဘဲ ဝါးလုံးနဲ့တိုင်ထောင်ကာ အလံသဘောမျိုးနောက်ပြောင်ကြပါတယ်။ မနက်မိုးလင်းမှ သိရင်တော့ ထဘီပိုင်ရှင်၊ ပုဆိုးပိုင်ရှင်တွေက ဆဲရေးတိုင်းထွာခြင်း (သို့) မေတ္တာပို့ခြင်းတွေကြောင့် ဖြတ်သွားဖြတ်လာလူတွေ အိမ်နီးနားတွေအတွက်တော့ ပျော်စရာ မနက်ခင်လေးဖြစ်သွားပါတယ်။ ဒါတွေက ရှေးယခင်က အမူအကျင့်နဲ့ ဓလေ့စရိုက်လေးတွေပါ။

မျက်မှောက်ခေတ် သူခိုးကြီးည ………

ယနေ့ခေတ်မှာတော့ လူငယ်တွေဟာ အပျော်ထက် အပျက်ဘက်ကို ပိုဦးတည်နေကြပါတယ်။ အားလုံးကိုတော့ မဆိုလိုပါဘူး။ သူခိုးကြီးည (၁၂)နာရီမထိုးခင်မှာ လူငယ်တွေ ဝိုင်းဖွဲ့ အရက်သေစာသောက်စားတာ၊ သူများ မွေးမြူထားတဲ့ ကြက်တွေ၊ ဘဲတွေ၊ ဘူးသီးတွေကို အပျော်သဘောနဲ့ ခိုးယူချက်စားတာတွေရှိပါတယ်။ ကြက် (သို့) ဘဲ ပိုင်ရှင်တွေထံမှာ အသာတကြည် တောင်းယူပေမယ့် မပေးမှသာ ခိုးယူသူတွေလဲရှိပါတယ်။ တချို့ အိမ်ရှင်တွေက ဒီလို သူခိုးကြီးညရောက်တော့မယ်ဆိုရင် လောက်လေးခွတွေ၊ လောက်စာလုံးတွေနဲ့ ပစ္စည်းခိုးယူသူတွေကို အသင့်စောင့်ကြည့်နေရတာမျိုးလဲရှိပါတယ်။ ဒါကတော့ ရွာဓလေ့တွေမှာ လက်ရှိ ရှိနေဆဲပါဘဲ။ အဓိကပြောချင်တာကတော့ မြို့ဓလေ့ပါ။ လူငယ်တွေက အပြုသဘောကနေ အပျက်သဘောဆောင်လာကြပါတယ်။ အိမ်တွေက တိုက်ခန်းတွေက ပန်းအိုးတွေ၊ ဖိနပ်တွေ၊ ဖိနပ်စင်တွေ၊ ရပ်ကွက် သန့်ရှင်းရေးအတွက် အမှိုက်ပုံးတွေစတဲ့ တော်တော်များများကို ရသလောက် တိုက်ရှေ့၊ အိမ်ရှေ့တွေမှာ ချထားခဲ့ကြပါတယ်။ မနက်မိုးလင်းတော့ ခိုးခံရတဲ့ ပိုင်ရှင်တွေက ကိုယ့်ပစ္စည်း ကိုယ်ပြန်ယူတာမျိုးမဟုတ်ဘဲ သူတစ်ပါး ပန်းအိုးတွေ၊ ဖိနပ်စင်တွေပါ အုတ်ရောရော ကျောက်ရောရော ယူတတ်ကြပါတယ်။ ဥပမာ ကိုယ့်အိမ်မှာ စိုက်ထားတာက ဧည့်လာဂမုန်းပဲဆိုပါတော့ ခိုးခံရလို့သွားယူတဲ့အခါမှာ ရှားစောင်းပင်တို့ နှင်းဆီပင်တို့ စတဲ့ ရလောက်ကို သူ့ဟာလိုလို ကိုယ့်ဟာလိုလိုနဲ့ ပြန်ယူတတ်ကြပါတယ်။ အဲ့လို လမ်းပေါ်ချထားတဲ့ပစ္စည်းတွေကို မနက်တောင် မိုးမလင်းသေးဘူး ပစ္စည်းတွေကို ဖျက်လိုဖျက်စီးလုပ်တဲ့ လူငယ်တွေလဲရှိပါတယ်။ အရက်သေစားမူးရူးသောက်စားပြီး မိမိအပေါင်းသင်း သူငယ်ချင်းများနဲ့ ကခုန်တာတွေရှိသလို ရပ်ကွက်ထဲလှည့်ပြီး ပစ္စည်းတွေ အဝေးတစ်နေရာကို ရွှေ့တာ၊ ဖျက်စီးတာ၊ လမ်းအလှဆင် မီးလုံးလေးတွေ၊ မီးကြိုးတွေ၊ LED မီးသီးလေးတွေကို ဖျက်ဆီးတာတွေလဲရှိပါတယ်။ အဲ့ဒါတွေထက် ည(၁၂)နာရီမထိုးခင်မှာ ဟိုဘက်အဖွဲ့ ဒီဘက်အဖွဲ့တွေ့ရင် ရန်ဆောင်တာတွေရှိသလို ထိုးကြိတ်ကျတာတွေလဲ ရှိပါသေးတယ်။ ငယ်ရွယ်တဲ့ကလေးငယ်တွေက ဘုမသိဘမသိနဲ့ ရပ်ကွက်ရုံး၊ ရဲစခန်းနဲ့ အချုပ်ခန်းရောက်ရတာတွေလဲရှိပါတယ်။ အဆိုးဆုံးနဲ့ ရုပ်အပျက်ဆုံးကတော့ ဆေးမှုတ်တာတွေပါဘဲ။ တိုက်ခန်းတွေ အရှေ့က မီးစက်ကြီးတွေ၊ တိုက်နံရံတွေ၊ မှန်တံခါးတွေကို စတဲ့ လုပ်လို့ရတဲ့နေရာမျိုးစုံကို ဆေးဗူးတွေနဲ့ ရေးခြယ်တာ၊ ပေါက်ကရ ပုံတွေ ဆွဲသွားတာတွေက တကယ့်ကို အကျဉ်းတန်ရုပ်ဆိုးစေပါတယ်။

သူခိုးကြီးညမှာဆိုရင် လူငယ်တွေ  ဘယ်လိုပဲ အပျော်နဲ့အပျက်ဖြစ်တယ်ဆိုပေမယ့် လူငယ်တွေနဲ့အတူ ရောယောင်နေတဲ့ တကယ့်သူခိုးတွေ အတွက်တော့ ပျော်စရာနေ့ပေါ့။ ကျနော်ကိုယ်တွေ့ မြင်ဖူးတာလေး ပြောပြပါမယ်။ လူငယ်သဘာဝ သောက်စားပျော်ရွှင်နေတဲ့အချိန်မှာ လူလတ်ပိုင်း လူ(၃)ယောက်လာ လမ်းပေါ်မှာတွေ့သမျှ ဆိုင်သေးသေးလေးတွေကို ဖောက်ပြီး အမှိုက်တွန်းလှည်းနဲ့ လိုက်ခိုးနေပါတယ်။ ဖြစ်ချင်တော့ မလှမ်းကမ်းက ဆေးဆိုင်သေးသေးလေးတစ်ခုကို သူတို့က ဘေးနားသစ်သားတွေကို သံတူရွင်းနဲ့ လူတစ်ကိုယ်စာဖွင့်ပြီး ဆေးဆိုင်ထဲက ရသမျှ ဆေးတွေကို ခိုးယူနေပါတယ်။ ရပ်ကွက်ထဲ ခိုက်ရန်ဖြစ်သွားမှာစိုးလို့ လှည့်ကင်းတွေများစွာရှိလို့ တော်သေးတယ်ပြောရမလားပဲ။ သူတို့ ခိုးနေစဉ်မှာဘဲ သူငယ်ချင်းတစ်ယောက် အပေါ့သွားရင်းနဲ့ တွေ့လို့ ဘာများဖြစ်တာလဲလို့ အနားကပ်ပြီး သွားကြည့်တဲ့အချိန်မှာ အဲ့ဒီလူ လူ(၃)ယောက်ထဲမှ လူတစ်ဦးက အသင့်ပါလာတဲ့ ဓါးနဲ့ ရန်မူတဲ့အတွက် လက်မောင်းကို ဓါးထိရှခဲ့ပြီး အော်ဟစ်တာကြောင့် ကျနော်တို့တွေ ပြေးအကြည့်မှာ လုံးရင်းဆန်ခက်နဲ့ ဖြစ်သွားခဲ့ပါတယ်။ နောက်တော့ အနီးအနားက လှည့်ကင်းအရာရှိတွေရောက်ပြီး ဝိုင်းဝန်းဖျန်ဖြေတော့မှ တကယ့်သူခိုးတွေဖြစ်နေကြောင်း သိလိုက်ရတယ်။ ဒါဟာ ဆိုင်ပိုင်ရှင်တွေ၊ အိမ်ပိုင်ရှင်တွေအနေနဲ့ အထူးသတိပြုသင့်ပါတယ်။ သူခိုးကြီးညဆိုတာ လူငယ်တွေအတွက် ပျော်စရာညဆိုပေမယ့် လူငယ်တွေနဲ့အတူ အုတ်ရောရော ကျောက်ရောရော တကယ့်သူခိုးတွေလဲ လှည့်လည်နေတတ်ပါတယ်။

ဟိုးအရင်ကလို ကုသိုလ်လည်းရ ပျော်ဖို့လည်းကောင်းတဲ့ သူခိုးကြီးညမဟုတ်တော့ဘဲ။ တကယ့်ကို ဖျက်လိုဖျက်စီးလုပ်လာတဲ့ သူခိုးကြီးည ဖြစ်နေပါပြီ။ လူငယ်တွေအနေနဲ့ အပျော်သဘောပဲ လုပ်စေချင်ပါတယ်။ ကိုယ်လုပ်လိုက်တဲ့ လုပ်ရက်က ခဏတာတော့ ပျော်ဖို့ကောင်းပေမယ့်။ ပြုခံရတဲ့ ပိုင်ရှင်တွေမှာတော့ နစ်နာမှုတွေရှိပါတယ်။ ဒီတော့ သူခိုးကြီးညမှာ ကဲမယ့်လူငယ်တွေ ပျော်ပါ မပျက်ပါစေနဲ့ တိုက်တွန်းလိုက်ရပါတယ်။

Writer - Mozex

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။