အနေဝေးနေတဲ့ကာလတွေကို LDRS ချစ်သူတွေ ဘယ်လိုမျိုး သစ္စာရှိရှိဖြတ်သန်းကြမလဲ ?

ချစ်သူတွေရယ်လို့ဖြစ်လာပြီဆိုကတည်းက အနေနီးတဲ့သူတွေရှိသလို၊ အကြောင်းအမျိုးမျိုးကြောင့် ဝေးပြီး LDRS ဖြစ်နေတဲ့ ချစ်သူတွေလည်း အများကြီးပါ။

အနေနီးတဲ့သူတွေအတွက် Relationship တစ်ခုရဲ့ ပျော်ရွှင်စရာရသလေးတစ်ခုကို ခံစားရနိုင်ပေမယ့်၊ ဝေးနေတဲ့သူတွေအတွက်ကတော့ သူမရှိတဲ့နေ့ရက်တိုင်းဟာ ခြောက်ကပ်ကပ်ဖြစ်နေသလိုပါပဲ။ ဆုံတွေ့ခြင်း ဆိုတာ ချစ်သူနှစ်ဦးအတွက် မရှိမဖြစ်အရာတစ်ခုမို့ ဝေးကွာနေရတဲ့အချိန်တွေမှာ ဘယ်လိုနည်းနဲ့ဖြတ်သန်းရမလဲဆိုတာ စဉ်းစားစရာတစ်ခုဖြစ်လာတယ်။

( ၁ ) အဆက်အသွယ်အမြဲတမ်းရှိပါ

အနေဝေးတဲ့ချစ်သူနှစ်ယောက်အဖို့ တစ်ယောက်မျက်နှာတစ်ယောက်မြင်ပြီး တစ်ယောက်အသံတစ်ယောက်ကြားဖို့က နည်းပညာကိုပဲ အားကိုးရမှာပါ။ တစ်နေကုန်အလုပ်တွေရှုပ်၊ အိမ်ပြန်ရောက်တဲ့အခါ အိပ်ယာပေါ်လှဲရင်း ချစ်သူဆီကိုဖုန်းခေါ်ပြီး လွမ်းတဲ့အကြောင်းတွေပြောမယ်၊ ရှေ့ရေး၊ အလုပ်အကိုင် အကြောင်းတွေတိုင်ပင်မယ်။ အနေနီးတဲ့သူတွေတောင် ညတိုင်းဖုန်းမပြောမနေတဲ့စုံတွဲတွေရှိသေးတာ၊ အနေဝေးတဲ့ LDRS တွေကတော့ပြောမနေပါနဲ့လေ။ ဖုန်းနဲ့ဆက်သွယ်ဖို့အဆင်မပြေရင်၊ မက်ဆင်ဂျာ၊ Viber ဒါမှမဟုတ် Facetime တွေက အနေဝေးတဲ့ချစ်သူနှစ်ယောက်ကို နီးစပ်နေသလို ခံစားရစေမှာပါ။

( ၂ ) ဖုန်း Wallpaper မှာ Couple ပုံလေးအမြဲတင်ထားပါ

ကိုယ့်ဖုန်း Wallpaper နဲ့ Homescreen ပေါ်မှာ ချစ်သူနဲ့နှစ်ယောက်တွဲ couple photo လေးတင်ထားတာဟာ အနေဝေးနေတဲ့ချစ်သူနှစ်ယောက်ကြားဝင်လာမယ့် အခွင့်အရေးသမားတွေကို တားဆီးပြီးသားဖြစ်သလို၊ ကိုယ့်နှလုံးသားထဲမှာ သူရှိနေတယ် ဆိုတာကို ဖုန်းဖွင့်လိုက်တိုင်းအချက်ပြနေမယ့် သင်္ကေတလည်းဖြစ်တယ်။ LDRS နှစ်ယောက်ကြားထဲကို တခြားသူဝင်လာတယ်ဆိုတဲ့ကိစ္စတွေမှာ တချို့အကြောင်းတွေက တခြားပယောဂကြောင့်မဟုတ်ပဲ မိမိကိုယ်တိုင်ရဲ့ စနက်ကြောင့်ဖြစ်တာတွေလည်းရှိပါတယ်။ အဓိက ကတော့ သစ္စာရှိနေဖို့ပါပဲ။

( ၃ ) တစ်ယောက်နဲ့တစ်ယောက်သည်းခံ၊နားလည်မှုတွေပေးပါ

ဒီနေ့လိုခေတ်ကြီးထဲမှာ အရမ်းလိုအပ်နေတဲ့အရာပါ။ LDRS တွေအနေနဲ့ ပိုလို့တောင်လိုအပ်သေးတယ်။ ကိစ္စတစ်ခုခုမှာ နားလည်မှုလွဲတိုင်း၊ ညှိလို့မရတိုင်း၊ စိတ်ဆိုးကြတိုင်း စိတ်မြန်လက်မြန်နဲ့ ဆုံးဖြတ်ချက်တွေချလိုက်တာဟာ မလိုလားအပ်တဲ့နောက်ဆက်တွဲကိစ္စတွေကိုဖိတ်ခေါ်နေတာနဲ့အတူတူပါပဲ။ ခြံခုန်၊ စနိုက်ကြော် ကိစ္စတွေများနေတဲ့ခေတ်ထဲမှာ LDRS ချစ်သူနှစ်ယောက်ပြတ်စဲသွားကြပြီဆိုတာနဲ့ ကြားထဲကနေ အခွင့်ကောင်းဝင်ယူမယ့် Opportunist တွေ ရာနဲ့ချီရှိနေတယ်ဆိုတာသတိရပါ။ သူနဲ့စကားများကြတိုင်း အချိန်ခဏလောက်ယူပါ၊ စဉ်းစားပါ၊ ရန်ဖြစ်အော်ဟစ်မယ့်အစား ညှိနှိုင်းပါ။ အတတ်နိုင်ဆုံးအဆင်ပြေအောင်နေပါ။

( ၄ ) သစ္စာရှိပါ

အရေးအကြီးဆုံးအချက်ပါပဲ။ ချစ်သူနှစ်ယောက်အနေဝေးရာကနေ ကြားလူနဲ့နီးစပ်ပြီး နှစ်ယောက်သားခွာပြဲကြတဲ့ဇာတ်လမ်းတွေအများကြီးရှိခဲ့တယ်။ အခုလည်းရှိနေတယ်။ နောက်လည်းရှိနေဦးမှာပဲ။ ဒါပေမယ့် ကြားလူတွေဘယ်လောက်ပဲလာပါစေ၊ အရေးကြီးဆုံးနဲ့အဓိက က ကိုယ်သာမို့လို့ ချစ်သူနှစ်ယောက်ကြားမှာ သစ္စာတရားသာခိုင်မြဲနေရင် ဘယ်သူမှနှောင့်ယှက်လို့မရပါဘူး။ အခုစာဖတ်နေတဲ့အထဲမှာ အနေဝေးနေတဲ့ LDRS တွေပါလား .. ပါရင် တစ်ခုပဲခေါင်းထဲထည့်ထားဖို့လိုတယ်။ သစ္စာရှိပါ။

တကယ်တော့ LDRS ဆိုတာ ချစ်သူနှစ်ယောက်ရဲ့ကြားမှာ Space တစ်ခုခြားနေတာလေးတစ်ခုပါပဲ။ အနီး နဲ့ အဝေးသာကွာတာပါ။
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အအေးအတူတူသောက်နေမယ့်အစား .. တစ်ယောက်နဲ့တစ်ယောက်ကမ္ဘာတစ်ဖက်ခြမ်းဆီမှာ .. တစ်ယောက်စိတ်နဲ့တစ်ယောက်အသက်ရှင်ရင်း ဘဝအတွက်ရုန်းကန်လှုပ်ရှားနေ … တစ်နေ့နေ့မှာတော့ ကိုယ်သိပ်ချစ်တဲ့ချစ်သူနဲ့ မိုးကောင်းကင်ကြီးရဲ့အောက်မှာ ပြန်ဆုံကြမှာပါလေ …..။

Gabriel


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။