ပထမဆုံးမြင်တဲ့တိရစ္ဆာန်လေးတွေကနေပြောပြမယ့် ကိုယ့်ရဲ့ Personality အကြောင်း

ကိုယ့်ရဲ့ မသိစိတ် ကနေကိုယ့်ရဲ့ personality အကြောင်းကိုအများဆုံးပြောပါတယ်။ မသိစိတ်ဆိုတာ ကိုယ်မရည်ရွယ်ပဲ၊ သတိမထားပဲလုပ်နေမိတဲ့အပြုအမူတွေဆီကို ဦးတည်ပြီးသွားပါတယ်။ အဲဒီမသိစိတ်ထဲမှာ ကိုယ့်ရဲ့ လျှို့ဝှက်ထားသမျှ personality အကုန်ရှိတယ်။ ဥပမာ အမြင်မှာ အေးတယ်ထင်ရပေမယ့် အထဲမှာတော့ ခပ်ကဲကဲလေးတစ်ယောက်လိုမျိုးပေါ့။

ကိုယ့်ရဲ့ personality က ဘယ်လိုမျိုးလဲဆိုတာကို ဒီရုပ်ပုံကားချပ်လေးက အနီးစပ်ဆုံးပြောပြနိုင်ပါတယ်။ အထဲမှာ မျိုးမတူတဲ့အကောင်လေးတွေပါတယ်။ ရုပ်ပုံကိုတစ်ချက်ကြည့်၊ ပထမဆုံးမြင်တဲ့အကောင်ဟာ ကိုယ့်ရဲ့ personality ကို အနီးစပ်ဆုံးပြောပြပေးမှာပါ။ ကြည့်ရအောင် ..

( ၁ ) မြင်းကျား

မြင်းကျားကို မြင်တယ်ဆိုရင်တော့ သင်ဟာ ပျော်ရွှင်ပြီးတက်ကြွနေတတ်တဲ့သူပါ။ အမြဲတမ်းဟာသတွေလုပ်နေတတ်ပြီး အေးတိအေးစက်နေရတာကို လုံးဝမကြိုက်တဲ့သူဖြစ်တယ်။ ဖော်ရွေပြီး စကားတွေ ဗလစ်ဗလစ်နဲ့ပြောနေရတာကို နှစ်သက်သူပါ။ အဲ့ဒါကြောင့်လည်း လူတော်တော်များများက သင်ရှိနေတဲ့ပတ်ဝန်းကျင်မှာနေရတာ ပျော်ရွှင်ကြပါတယ်။ ပေါင်းသင်းဆက်ဆံရေးနဲ့လူမှုရေးလည်းကောင်းလွန်းတဲ့အတွက် အဲဒီသူတွေဟာ Salesperson တွေနဲ့၊ အကောင်းဆုံး Marketer တွေဖြစ်ကြပါတယ်။ နောက်ပြီး အရာတစ်ခုတည်းကိုထပ်ခါထပ်ခါလုပ်နေရတဲ့ ( ပုံစံခွက်ဘဝကြီး ) ကို မုန်းတီးကြပြီး စိန်ခေါ်မှုအသစ်အသစ်တွေကို ကြိုဆိုရတာကြိုက်နှစ်သက်သူတွေပါ။

( ၂ ) ကြောင်

ကြောင် ကိုမြင်တယ်ဆိုရင်တော့ သင်ဟာ စကားများများပြောရတာမကြိုက်တဲ့သူပါ။ ခပ်အေးအေးနေတဲ့အတွက် လူတွေက သင့်ကိုအရှက်အကြောက်ကြီးတယ်လို့ထင်ကြလိမ့်မယ်။ တကယ်တမ်းတော့ သင်ဟာ လူတွေနဲ့ခပ်ခွာခွာနေပြီး သူတို့ရဲ့အပြောအဆို၊ အပြုအမူတွေကို သူတို့မထင်မှတ်တဲ့ ရှုထောင့်တစ်ခုကနေလေ့လာသင်ယူနေတာဖြစ်ပါတယ်။ ကိုယ့်ကို ဘယ်သူတွေဘာပြောတယ် ဆိုတာဂရုစိုက်နေမှာမဟုတ်ပဲ သင်လုပ်စရာရှိတဲ့အရာကို အကောင်းဆုံးဖြစ်အောင်လုပ်တတ်သူလည်းဖြစ်တယ်။ ကိုယ့်ဘဝရဲ့အရေးကြီးစည်းမျဉ်းတွေ၊ ခံယူချက်တွေကို ကိုယ်ကိုတိုင်ပဲချမှတ်ပြီး ဝင်ရောက်စွက်ဖက်မှုကိုမကြိုက်သူ၊ တစ်ကိုယ်တည်းနေရတာ နှစ်သက်သူပါ။ ရည်မှန်းချက်ကြီးလွန်းပြီး ကိုယ့်အားကိုယ်ကိုးတတ်သူလည်းဖြစ်တယ်။

( ၃ ) ဘဲ

ဘဲ ကိုမြင်တယ်ဆိုရင်တော့ သင်ဟာ ၁၀၀ ရာခိုင်နှုန်းအကောင်းမြင်ဝါဒီတစ်ဦးဖြစ်ပါတယ်။ ဘယ်လိုမျိုးမကောင်းတဲ့အပြုအမူ၊ အပြောအဆိုတွေကမှ သင့်ရဲ့အကောင်းမြင်ဝါဒ ကိုချိုးနှိမ်လို့မရပါဘူး။ အတိတ် ကိုပြန်တွေးပြီး ပူဆွေးနေမယ့်သူမျိုးမဟုတ်သလို၊ အနာဂတ်ကိုကြိုတွေးပြီး စိုးရိမ်နေတာလည်းမဟုတ်ပဲ လက်ရှိအချိန်သာအကောင်းဆုံးဆိုတဲ့မူကို လက်ကိုင်ထားပြီး ဘဝကိုပေါ့ပေါ့ပါးပါးပဲဖြတ်သန်းကြတဲ့သူတွေဖြစ်ပါတယ်။ နေရာသစ်၊ လူသစ် တွေနဲ့ထိတွေ့ဆက်ဆံရတာကြိုက်နှစ်သက်ပြီး အသစ်အသစ်မှန်သမျှကို သင်ယူချင်စိတ်ပြင်းထန်သူလည်းဖြစ်တယ်။ နောက်ပြီး ပတ်ဝန်းကျင်က အရာမှန်သမျှကိုလည်း စပ်စပ်စုစုနဲ့စူးစမ်းတတ်ပြီး သင်လွယ်တတ်လွယ်သူတွေလည်းဖြစ်ပါသေးတယ်။

( ၄ ) ခိုအာလာ

ခိုအာလာ ဆိုတဲ့အကောင်လေးကိုမြင်တယ်ဆိုရင် သင်ဟာ အရမ်းအေးတဲ့သူလေးတစ်ယောက်ဖြစ်ပြီး ဘယ်လိုဆိုးရွားတဲ့ပတ်ဝန်းကျင်ဖြစ်ပါစေ၊ သင်ဟာ မမြင်ချင်မကြားချင်ယောင်ဆောင်ပြီးနေတတ်တဲ့ ဥပေက္ခာတရားလေးရှိသူဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့ဟာ ကြင်နာတတ်ပြီး အရမ်းနှလုံးသားနူးညံ့တဲ့သူလေးတွေလည်းဖြစ်နေပြန်ရော။ နောက်ပြီး လူတစ်ယောက်ကို သာမန်ပဲကြည့်ပြီး အယုံလွယ်တတ်တဲ့သူတွေလည်းဖြစ်ပါတယ်။ တခြားသူတွေလိုမျိုး ဆူဆူညံညံပါတီတွေ၊ ဒင်နာတွေတက်ရတာကြိုက်တဲ့သူမဟုတ်ပဲ အိမ်မှာ တီဗီလေးကြည့်၊ မုန့်လေးစား၊ စာအုပ်လေးဖတ်ရင်း အေးအေးဆေးဆေးနေတတ်သူတွေပါ။ တခြားသူတွေကိုတတ်နိုင်သလောက်ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှကူညီတတ်သလို ပြန်ရဖို့လည်းမမျှော်မှန်းကြတဲ့သူလေးတွေဖြစ်ကြပါတယ်။

( ၅ ) ဆင်

ဆင် ကိုမြင်တယ်ဆိုရင်တော့ သင်ဟာ အရာတစ်ခုကို လေးလေးနက်နက်တွေးတောစဉ်းစားတတ်သူပါ။ နောက်ပြီး သင်နဲ့ပတ်သက်နေတဲ့ပတ်ဝန်းကျင်ကအရာမှန်သမျှကို သေသေချာချာစူးစမ်းနေတတ်တယ်။ သစ္စာရှိပြီး တာဝန်ယူတတ်သူတွေဖြစ်တဲ့အလျောက်၊ ကုမ္ပဏီတစ်ခုရဲ့ဝန်ထမ်းကောင်း၊ အကြီးအကဲ နဲ့ သာယာတဲ့အိမ်ထောင်ဦးစီးတွေအများဆုံးဟာ သူတို့တွေဖြစ်နေတတ်တယ်။ အကူအညီလိုအပ်လာတိုင်းလည်း ဘယ်သူက သူတို့ကိုသေချာပေါက်ကူညီနိုင်မယ်ဆိုတာကို အကဲခတ်နိုင်၊ သိနိုင်တဲ့အစွမ်းရှိတယ်။ လူကဲခတ်တော်သလို၊ ပြသနာတစ်ခုကိုလည်း အရင်းအမြစ်ကိုရှာပြီး ဖြေရှင်းနိုင်ကြတယ်။ ဒါပေမယ့် သူတို့တွေဟာ နားထောင်သူတွေတော့မဟုတ်ကြပါဘူး။ အထက်ကပြောသမျှကို ငြိမ်ပြီးနားထောင်၊ ခေါင်းညိတ်နေမယ့်အစား၊ ကိုယ်မြင်တဲ့အမြင်ကို အရှိအတိုင်းပြောတတ်ပြီး ဖြစ်လာသမျှတိုင်းကိုလည်း ခေါင်းခံဖြေရှင်းတတ်တဲ့သူတွေပါ။ သူတို့အတွက် ပထမဦးစားပေးတွေကတော့ မိသားစု နဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်ကြပြီး အနားမှာသူငယ်ချင်းနဲ့မိသားစုသိုက်သိုက်ဝန်းဝန်းရှိနေရင်ကို ပျော်နေတတ်ကြတဲ့သူတွေဖြစ်ပါတယ်။

( ၆ ) ဝက်ဝံ

ဝက်ဝံ ကိုမြင်တယ်ဆိုရင် သင်ဟာ စာအုပ်ကြီးဆန်တဲ့သူပါ။ ရှေးရိုးစွဲကြီးသလို၊ ကိုယ်လက်ခံထားတဲ့အယူအဆတစ်ခုကို ပြောင်းပြန်လှန်ပစ်ဖို့အတွက် သေမလောက်ကြောက်တတ်တဲ့သူဖြစ်တယ်။ ရည်မှန်းချက်ကြီးမားလွန်းပြီး တခြားသူတွေထက်စာရင်ကိုယ့်ဘဝကို အကောင်းဆုံးနဲ့အမြင့်မားဆုံးတည်ဆောက်တတ်တယ်။ နာခံတတ်သူတွေဖြစ်ပြီး တိတ်တိတ်ဆိတ်ဆိတ် နဲ့ပဲ စူးစမ်းလေ့လာကြတယ်။ လူမှုဆက်ဆံရေးကောင်းမွန်တဲ့သူတွေဖြစ်ပေမယ့် အကဲဆတ်လွန်းပြီး အတွေးများလွန်းတာကြောင့် တစ်ခါတစ်လေ ပျင်းစရာကောင်းတဲ့သူအဖြစ်ထင်မြင်ခံရတတ်တယ်။ စည်းကမ်းကြီးလွန်းတဲ့သူတွေဖြစ်ပြီး အထူးသဖြင့်ဒီလိုလူမျိုးတွေကို စစ်တပ်၊ အစိုးရရုံးပိုင်း နဲ့ သံအမတ်တွေအဖြစ်အများဆုံးမြင်ရတတ်တယ်။ အလုပ်အရမ်းကြိုးစားတဲ့သူတွေဖြစ်သလို၊ အလုပ်ကို Last Minute ဆိုတာမျိုးမဖြစ်ရအောင်အကောင်းဆုံးလုပ်တတ်တဲ့သူတွေလည်းဖြစ်ပါတယ်။

( ၇ ) သစ်ကုလားအုတ်

ကုလားအုတ် ကိုမြင်တယ်ဆိုရင် သင်ဟာ လူတိုင်းနဲ့သင့်တင့်အောင်နေတတ်ပြီး လိုက်လျောညီထွေဖြစ်တဲ့သူလည်းဖြစ်ပါတယ်။ ဘယ်လိုနေရာ၊ ဘယ်သူတွေနဲ့မဆို သင့်တင့်အောင်နေတတ်ပြီး လူချစ်လူခင်ပေါတာကြောင့် ခဏလေးအတွင်းမှာပဲ အားလုံးရဲ့ အချစ်တော်တစ်ယောက် ဖြစ်သွားတတ်တယ်။ စကားပြောကောင်းပြီး ဟာသဉာဏ်ရွှင်တဲ့အတွက် အထက်လူကြီးတွေရဲ့ အရေးအရာပေးမှုကိုခံရသူလည်းဖြစ်ပါသေးတယ်။ သူငယ်ချင်းတွေနဲ့လုပ်ဖော်ကိုင်ဖက်တွေအပေါ် သစ္စာရှိပေမယ့် သူတို့ဆီက အလားတူတုံ့ပြန်မှုမျိုးကိုမျှော်လင့်တတ်တဲ့သူတွေပါ။ ဒါပေမယ့် ဖြစ်မလာရင်လည်း မေ့မေ့ပျောက်ပျောက်ပဲနေတတ်သူတွေမို့ သူတို့ကိုကြည့်လိုက်ရင် ဝမ်းနည်း၊ စိတ်ပျက်၊ မပျော်မရွှင်ဖြစ်နေတယ်ဆိုတာရှားပါတယ်။

( ၈ ) ဝက်

ဝက် ကိုမြင်တယ်ဆိုရင် သင်ဟာ အမှီအခိုကင်းသူတစ်ယောက်ဖြစ်ပြီး တစ်ယောက်တည်းနဲ့အကောင်းဆုံးဖြစ်အောင်စွမ်းဆောင်နိုင်တဲ့သူပါ။ ဖြတ်ထိုးဉာဏ်ကောင်းပြီး ချက်ဆို နားခွက်ကမီးတောက်တဲ့သူမျိုးလည်းဖြစ်တယ်။ သူတို့ဟာ ထက်မြက်လွန်းပြီး အရာရာကို အသေးစိတ်ကအစ စေ့စပ်အောင် လုပ်ကိုင်တတ်သူတွေမို့ အောင်မြင်မှုကို အချိန်တိုတိုနဲ့ရရှိသူတွေလည်းဖြစ်တယ်။ ဒါပေမယ့် သူတို့တွေဟာ တခြားသူတွေနဲ့ပူးပေါင်းဆောင်ရွက်မှုအားနည်းပြီး ကိုယ်သိတာတွေကို တခြားသူတွေနဲ့ ပြန်လည်မျှဝေဖို့တွန့်ဆုတ်တတ်သူတွေလည်းဖြစ်တယ်။ စကားပြောနည်းပြီး အေးအေးဆေးဆေးပုံကြောင့် အုံ့ပုန်းတွေလို့သတ်မှတ်ခံရပြီး ကိုယ်လုပ်စရာရှိတာကို ဘယ်သူ့မှမကြည့်ပဲ ပြီးအောင်လုပ်တတ်သူတွေဖြစ်ကြပါတယ်။

( ၉ ) ယုန်

ယုန် တစ်ကောင် ကိုမြင်တယ်ဆိုရင် သင်ဟာ ထိုးထွင်းသိမြင်နိုင်စွမ်း နဲ့ ဆန်းသစ်တီထွင်မှုအားကောင်းလွန်းတဲ့သူပါ။ ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး တက်ကြွလှုပ်ရှားနေသူတွေလည်းဖြစ်ပါတယ်။ သင် နဲ့ အတူတူရှိနေသမျှ သူငယ်ချင်းတိုင်းကို ပျော်ရွှင်မှု နဲ့ ရယ်မောသံတွေလည်းယူဆောင်ပေးတဲ့သူဖြစ်တာကြောင့် တော်တော်များများက သင်နဲ့သူငယ်ချင်းဖြစ်ရတာကို နှစ်သက်တတ်ပါတယ်။ ထူးခြားတဲ့ဟာသဉာဏ်ကြောင့် လူတွေနဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို လိုက်လျောညီထွေဖြစ်နေတတ်သူပါ။ စာနာစိတ် နဲ့ ကြင်နာရက်ရောတတ်သူတွေဖြစ်ပြီး အနားမှာရှိတဲ့သူတိုင်း ပျော်ရွှင်ရယ်မောနေတာကိုပဲ မြင်ချင်ကြတဲ့သူတွေဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုစိတ်ကပင်ပန်းလွန်းတာကြောင့် အမြဲတစေထက်စာရင် တစ်ခါတစ်လေ အနားယူပေးဖို့လည်းလိုအပ်ပါသေးတယ်။

( ၁၀ ) ခြင်္သေ့

ခြင်္သေ့ ကိုမြင်တယ်ဆိုရင် သင်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ဖို့ မွေးဖွားလာသူတစ်ယောက်ပါ။ သင့်ရဲ့ မွေးရာပါဗီဇအရ လူတွေကို ဘယ်လိုမျိုးဦးဆောင်မှုပေးရမယ်ဆိုတာကို သိနေတတ်သူလည်းဖြစ်တယ်။ လူတွေဘာလိုချင်တယ်၊ ဘာဖြစ်ချင်တယ်ဆိုတာကို သိပ်စဉ်းစားစရာမလိုပဲ သိနေတတ်ကြပြီး လူကဲခတ်အတော်ဆုံးသူတွေဖြစ်ကြပါတယ်။ ပုန်းလျှိုးကွယ်လျှိုးလုပ်ရတာကို မုန်းတီးပြီး ဘယ်အရာမဆိုကိုယ်ကဦးဆောင်ရတဲ့အလုပ်မျိုး၊ စိန်ခေါ်မှုရှိတဲ့ဘယ်လိုအလုပ်မျိုးကိုမဆို လက်ခံကြိုဆိုတတ်ကြတယ်။ ဒါပေမယ့် အသွင်အပြင်အရ ခက်ထန်တဲ့ပုံစံရှိပြီး အာဏာရှင်ဆန်ဆန်ပြုမူတတ်တဲ့အပြင် မထင်ရင်မထင်သလို မှန်တာကိုမှန်တဲ့အတိုင်းပြောတတ်သူမို့ တစ်ခါတစ်လေမှာ အာဏာဖီဆန်သူအဖြစ်လည်း အထင်ရောက်စေတတ်ပါတယ်။ ပြိုင်ဆိုင်လိုစိတ်ကြီးမားပြီး သာမန်ထက်ထူးခြားတဲ့ အတွေးအခေါ်တွေပိုင်ဆိုင်သူတွေလည်းဖြစ်ကြတယ်။

( ၁၁ ) ဇီးကွက်

ဇီးကွက် ကိုမြင်တယ်ဆိုရင် သင်ဟာ တစ်စုံတစ်ခုကို နက်နက်နဲနဲစဉ်းစားတွေးခေါ်တတ်သူပါ။ တခြားသူဆီက အကူအညီမယူပဲ ကိုယ့်အားကိုယ်ကိုးတတ်သူတွေလည်းဖြစ်တယ်။ တိတ်တိတ်ဆိတ်ဆိတ်နေရတာကို သဘောကျပြီး လူမှုအသိုင်းအဝိုင်းတွေနဲ့ လိုက်လျောညီထွေသိပ်မရှိတတ်ကြပါဘူး။ အကြောင်းကတော့ သူတို့တွေဟာ အေးဆေးလွန်းပြီး အမြဲတစေတွေးခေါ်နေတတ်တာဖြစ်လို့ ဆူညံပြီး ရှုပ်ထွေးတဲ့ပတ်ဝန်းကျင်က သူတို့အတွက် အနှောင့်အယှက်ဖြစ်စေလို့ပါ။ စင်းလုံးချောကောင်းမွန်ဖို့အမြဲတမ်းကြိုးစားနေသူတွေဖြစ်ပြီး တခြားသူတွေကိုလည်း သူ့လိုမျိုးပဲဖြစ်မယ်လို့မျှော်လင့်တတ်ကြပါသေးတယ်။ သူတို့တွေဟာ ဘယ်တော့မှလမ်းမှားမရောက်တတ်သူတွေဖြစ်ပြီး နက်နဲတဲ့တွေးခေါ်မှုတွေက သူတို့တွေကို မှန်ကန်တဲ့လမ်းကြောင်း၊ အောင်မြင်မှုတွေဆီအမြဲတမ်းတွန်းပို့ပေးတတ်ကြပါတယ်။

သင်ရော .. ဘာကိုအရင်ဆုံးမြင်ပါသလဲ …

Gabriel
Source : Brightside





we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။