လာမယ့် (၂၀၁၉) ဆီးဂိမ်းမှာ ယနေ့ခေတ်စားနေတဲ့ Mobile Legend ဂိမ်းထည့်သွင်းတော့မယ်လို့ အတည်ပြုလိုက်ပြီ

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမယ့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ အီလက်ထရောနစ် အားကစားကို ပထမဆုံးအကြိမ်ထည့်သွင်းကျင်းပမယ်လို့ ရေဇာဂိမ်းကုမ္ပဏီရဲ့ နည်းဗျူဟာ အရာရှိချုပ်က အတည်ပြုလိုက်ပါတယ်။

ဆီးဂိမ်းကျင်းပလာတဲ့ ပြိုင်ပွဲသမိုင်းတလျှောက်မှာ ပထမဦးဆုံးအကြိမ်အဖြစ် ဂိမ်းအားကစားနည်းပေါင်း(၆)မျိုးကို တင်သွင်းထားရာမှ ပထမဦးဆုံးအတည်ပြုပေါ်ထွက်လာတဲ့ ဂိမ်းကတော့ Mobile Legend ဂိမ်းအမျိုးအစားပဲဖြစ်ပါတယ်။

အဆိုပါ ဆီးဂိမ်းမှာ အီလက်ထရောနစ်ဂိမ်းအမျိုးအစား (၆)မျိုး ထည့်သွင်းကျင်းပသွားမယ်လို့ အတည်ပြုခဲ့ပြီး Mobile  Phone အသုံးပြုရတဲ့ ဂိမ်း(၂)မျိုး၊ ကွန်ပျူတာ အသုံးပြုယှဉ်ပြိုင်ရတဲ့ ဂိမ်း(၂)မျိုးအပါအဝင် လက်ကိုင်ခလုတ်နဲ့ ယှဉ်ပြိုုင်ရမယ့် ဂိမ်း(၂)မျိုးတို့ကို ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်းကို သိရပါတယ်။ 

လတ်တလောမှာတော့ အဆိုပါ တင်သွင်းထားတဲ့ ဂိမ်း(၆)မျိုးစလုံးပါဝင်မယ်လို့တော့ အတည်မပြုသေးပေမယ့် လာမယ့် (၁)လ (သို့) (၂)လ အတွင်းမှာ ရွေးချယ်အတည်ပြုကြေညာပေးသွားမယ်လို့ Esports ad hoc ကော်မတီအဖွဲ့ဝင် တစ်ဦးက ပြောခဲ့ပါတယ်။

“ ဒီပြိုင်ပွဲမှာ ပါဝင်မယ့် ကစားသမားတွေအနေနဲ့ လက်ရည်စစ်ပွဲတွေ ကစားရမှာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်မျှ တိုက်ရိုက်ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ ပါဝင်လိုတဲ့ ကစားသမားတွေအနေနဲ့ အပျော်တမ်းရော ပရော်ဖက်ရှင်နယ်ရော အကုန်လုံး ပါဝင်ခွင့်ရမှာပါ။ ဖိလစ်ပိုင်အနေနဲ့လည်း အကောင်းဆုံး အီလက်ထရောနစ် အားကစားအဖွဲ့ကို ဖွဲ့စည်ပြီး အခြားသော အာဆီယံအဖွဲ့တွေနဲ့ ပြိုင်သွားမှာပါ ” လို့ ပြောပါသေးတယ်။

(၂၀၁၈)ခုနှစ်က ကျင်းပခဲ့တဲ့ အာရှအားကစားပွဲတော်မှာ အီလက်ထရောနစ် အားကစားကို ထည့်သွင်းခဲ့ပေမယ့် ဒါဟာ အလှပြပြိုင်ပွဲ သက်သက်သာဖြစ်ခဲ့ပြီး ပထမဆုံး ဆုတံဆိပ် သတ်မှတ်ပေးမယ့် ပြိုင်ပွဲကတော့ အခုလာမယ့် (၂၀၁၉)ခုနှစ် ဖိလစ်ပိုင်ဆီးဂိမ်း ဖြစ်လာတော့မှာပါ။ မြန်မာနိုင်ငံအနေနဲ့လည်း လာမယ့် ဖိလစ်ပိုင်မှာ ထည့်သွင်းကျင်းပမယ့် အီလက်ထရောနစ် အားကစားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်မလားဆိုတာကတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပါ။

Crd; Duwun 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။