သရုပ်ဆောင် ချမ်းမီမီကို ရဲ့ခင်ပွန်းဖြစ်သူ ထောင် ( ၁၀ ) နှစ်ကျမယ့်အခြေအနေနဲ့ရင်ဆိုင်နေရ

သရုပ်ဆောင် ချမ်းမီမီကို ရဲ့ ခင်ပွန်းလည်းဖြစ်သူ အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌလည်းဖြစ်သူ ဦးစိုးထွန်းရှိန်အား သတ္ထုတွင်းဥပဒေပုဒ်မ ၃၀(ဃ) ဖြင့် အမှတ်(၂) သတ္ထုတွင်းလုပ်ငန်းမှ အမှုဖွင့်ထားပြီး ယင်းအမှုသည်အာမခံပေး၍မရသောအမှုမျိုးဖြစ်ကြောင်း ဦးစိုးထွန်းရှိန်၏ အကျိုးဆောင်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

“ နိုင်ငံတော်ကသူတို့ဆီကိုသတ်မှတ်ထားတဲ့ ရွှေပိဿာချိန်အတိုင်း အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဘက်က မသွင်းနိုင်လို့ဆိုပြီးရွှေတူးဖော်ခြင်းလုပ်ငန်းတွေကိုရပ်ဆိုင်းခိုင်းတယ်။ ဒါကို နိုင်ငံတော် ခွင့်ပြုချက်မရှိဘဲ ရွှေတွေတူးပါတယ်ဆိုပြီးကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်သူဦးစိုးထွန်းရှိန်ကို သတ္ထုတွင်းဥပဒေပုဒ်မ ၃၀(ဃ) နဲ့ တရားစွဲတယ်။ ဒီအမှုက ကျွန်တော်ဆီရောက်လာတော့ ကျွန်တော်လည်း ရွှေအကြောင်း နားမလည်ဘူး။ ဥပဒေအကြောင်းဘဲသိတော့ ဥပဒေဘောင်အတိုင်းအမှုကို ကြည့်လိုက်တော့ ဦးစိုးထွန်းရှိန်က ဒီနေရာမှာရှိလည်းမရှိသလိုရွှေလည်းမတူးဘူး။ ရွှေတူးပါလို့လည်းမခိုင်းခဲ့ဘူး။ နောက်ပြီးကုမ္ပဏီဘက်က အစိုးရကိုပေးဆောင်စရာရှိတဲ့ ရွှေစင်ပိဿာချိန်အတိုင်းသွင်းပေးပါမယ်လို့လုပ်နေတဲ့အချိန်မှာ ကုမ္ပဏီဥက္ကဋ္ဌကို ဒီပုဒ်မနဲ့ တရားစွဲလိုက်တော့ တစ်နည်းအားဖြင့် ပြောရရင် ကုမ္ပဏီကိုသတ်လိုက်သလို၊ လုပ်ငန်းကို ပြိုလဲအောင် လုပ်တာနဲ့အတူတူပဲ။ ဘာကြောင့်လဲဆို ဒီပုဒ်မကထောင်ဒဏ် ၁၀ နှစ်အထိချမှတ်နိုင်သလိုအာမခံပေးလို့ရတဲ့ အမှုမျိုးလည်းမဟုတ်ဘူး” ဟု ဦးစိုးထွန်းရှိန်၏ အကျိုးဆောင်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီသည် တိုင်းရင်းသားပိုင်ကုမ္ပဏီ ၂၉ ခုဖြင့် ဖွဲ့စည်းထားပြီး မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်ရှိမိုးထိ၊ မိုးမိဒေသတွင် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်တွင် ရွေလုပ်ကွက်ကြီး ၃ ခုကို ရွှေတူးဖော်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် မိုးထိ၊ မိုးမိဒေသတွင် ရွှေတူးဖော်ခြင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခြင်းမပြုရန် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် အမှတ်(၂) သတ္ထုတွင်းဝန်ကြီးဌာနမှ ညွှန်ကြားခဲ့ကြောင်း သိရသည်။

ကုမ္ပဏီအနေဖြင့် ပြည်ထောင်စုဝန်ကြီးနှင့် သဘောတူထားသည့် ၂၀၁၈ ခုနှစ်၊ ဇွန်လအထိပေးသွင်းရန် ဆုံးဖြတ်ထားသည့် ရွှေစင်များကိုဆက်လက်မပေးသွင်းနိုင်ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် အမှတ်(၂) သတ္ထုတွင်းလုပ်ငန်းနှင့် ကုမ္ပဏီတို့ကြားကတိခံဝန်ချက်အရ ၂၀၁၈ ခုနှစ်၊ မတ်လ ၃၁ ရက်အတွင်း ပေးသွင်းရန် ရွှေစင် ၁၀၁ ဒဿမ ၀၇၆၅ ပိဿာကျန်ရှိခြင်းဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင်ချမ်းမီမီကို ၏ ခင်ပွန်းဖြစ်သူ ဦးစိုးထွန်းရှိန် သည်ပြီးခဲ့သော နှစ်များကလည်း လက်ထပ်ပြီးလျှင် လကမ္ဘာပေါ်သို့ ဟန်းနီးမွန်းခရီးထွက်မည် ဟုပြောဆိုခဲ့ပြီး အဆိုပါသတင်းသည် မီဒီယာပေါ်တွင် လူကြည့်အများဆုံးသတင်းတစ်ခုဖြစ်ခဲ့သည်။

Gabriel

Source : Akonthi

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။