မြန်မာနိုင်ငံကို tourist destination တစ်ခုအဖြစ်ရေးသားဖော်ပြခဲ့မှုကြောင့် ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတဲ့ တွစ်တာ ရဲ့ စီအီးအို

တွစ်တာ ရဲ့ စီအီးအိုဖြစ်သူ ဂျက်ဒေါ်ဆီ ဟာ မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် မျက်ကွယ်ပြုထားပြီး အရှေ့တောင်အာရှနိုင်ငံတွေထဲ အကောင်းဆုံး ခရီးသွားဆွဲဆောင်မှု နေရာကောင်းတစ်ခုအဖြစ်ဖော်ပြခဲ့လို့ တွစ်တာအသုံးပြုသူတွေက ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။

ပြီးခဲ့တဲ့ လက မြန်မာနိုင်ငံကို တရားထိုင်ဖို့ အတွက် ဂျက်ဒေါ်ဆီ က လာရောက်ခဲ့ပြီး မန္တလေးမြို့က ဂူတစ်ခုထဲမှာ တရားထိုင်ခဲ့တယ်လို့သိရပါတယ်။

“ မြန်မာနိုင်ငံဟာ ပြောစရာမရှိအောင်လှပလွန်းတဲ့နိုင်ငံတစ်ခုပါ။ မြန်မာလူမျိုးတွေက သဘောကောင်းပြီးပျော်တတ်ကြသလို၊ အစားအသောက်တွေကလည်း ( အံ့သြစရာကောင်းလောက်အောင် ) အရသာရှိလွန်းပါတယ် “ ဆိုပြီး သူ့ရဲ့တွစ်တာပေါ်မှာရေးသားခဲ့ပါတယ်။

ထပ်ပြီး “ တစ်ညနေမှာတော့ ကျွန်တော်တို့ဟာ မန္တလေးမြို့က ဂူတစ်ခုထဲကို တရားထိုင်ဖို့သွားခဲ့တယ်။ ပထမဆယ်မိနစ်တည်းနဲ့တင် ကျွန်တော့်ကို ကိုက်တဲ့ခြင်က ၁၁၇ ကောင်လောက်တောင်ရှိတယ်ဗျ “ ဆိုပြီး ရေးသားခဲ့ပါတယ်။

သူ့ရဲ့ပို့စ်အောက်မှာတော့ တခြားအသုံးပြုသူတွေက တရားထိုင်တဲ့အကြောင်းကိုပဲပြောဆိုနေပြီး မြန်မာမှာ အဓိကအရေးအကြီးဆုံးဖြစ်နေတဲ့ လွတ်လပ်စွာရေးသားပြောဆိုခွင့် နဲ့ ရိုဟင်ဂျာတွေအပေါ်ဖိနှိပ်မှုကိုတော့ ဘာကြောင့် မပြောတာလဲ ဆိုပြီးဝေဖန်ခဲ့ကြပါတယ်။

တစ်ယောက်ကတော့ “ ဒါပေါ့ .. စိတ်လှုပ်ရှားစရာ အားလပ်ရက်ခရီးထဲမှာ လူမျိုးတုန်းသတ်ဖြတ်နေတဲ့ အကြောင်းတွေဘာလို့ပြောရမှာလဲနော် .. စိတ်ညစ်စရာကြီးရယ် “ ဆိုပြီး ခပ်ထေ့ထေ့ရေးသားခဲ့ပါတယ်။

“ သူရဲကောင်းလေး ( ဂျက်ဒေါ်ဆီ ) ဟာ လူမျိုးတုန်းသတ်ဖြတ်မှု နဲ့ စစ်ပွဲတွေအဆက်မပြတ်ဖြစ်ပွားနေတဲ့ နိုင်ငံကို ခြေထောက်တွေတင်ပလင်ချိတ်၊ မျက်လုံးမှိတ်၊ ဝင်သက်ထွက်သက်ကိုလိုက်မှတ်ပြီး ခြင်တွေဘယ်နှကောင်ကိုက်သလဲ ဆိုတာ ရေတွက်ဖို့အတွက် သွားရောက်ခဲ့ပါသတဲ့ “ ဆိုပြီးတော့ တွစ်တာအသုံးပြုသူတစ်ယောက်က ဟာသဆန်ဆန်ဝေဖန်ပြီးရေးသားခဲ့ပါတယ်။

New York Times ရဲ့ သတင်းထောက်ဖြစ်သူ လီယမ်စတက်ခ် ကလည်း တွစ်တာ စီအီးအို ဟာ လူမျိုးတုန်းသတ်ဖြတ်မှုတွေအဆက်မပြတ်ဖြစ်နေသလို၊ လူမျိုးရေးခွဲခြားမှု နဲ့ ဝါဒဖြန့်မှုတွေအများအပြားဖြစ်နေတဲ့ နိုင်ငံတစ်ခုကို ပြီးခဲ့တဲ့အပတ်ကသွားရောက်ခဲ့တယ် “ ဆိုပြီး ရေးသားခဲ့ပါသေးတယ်။

အဲ့ဒီလိုပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတဲ့အပေါ် ဂျက်ဒေါ်ဆီ ကတော့ ဘယ်လိုမှ မှတ်ချက်ပေးတာမျိုးမရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ လူနည်းစုဖြစ်တဲ့ ရိုဟင်ဂျာ တွေအပေါ် ဖိနှိပ်မှု၊ သတ်ဖြတ်မှု၊ မုဒိမ်းမှုတွေကို မြန်မာစစ်တပ်က ကျုးလွန်ခဲ့တယ်လို့ ကုလတာဝန်ရှိသူတွေက စစ်ဆေးတွေ့ရှိခဲ့ရပြီး မြန်မာတပ်မတော်ထိပ်ပိုင်းအရာရှိတွေကို နိုင်ငံတကာမှုခင်းကော်မတီ ( ICC ) မှာ ခုံရုံးတင်စစ်ဆေးဖို့တောင်းဆိုခဲ့မှုတွေဖြစ်ပွားခဲ့ပါတယ်။

မြန်မာနိုင်ငံကတော့ အဲ့ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး စစ်တပ်ကပြုလုပ်ခဲ့သမျှတွေဟာ ရိုဟင်ဂျာအကြမ်းဖက်တွေကို နှိမ်နှင်းစဉ်အတွင်း ဖြစ်ပျက်ခဲ့တာတွေသာဖြစ်ကြောင်း ပြန်လည်ချေပခဲ့ပါတယ်။

Gabriel
Source : Globalnews
( Global News မှ Twitter CEO Jack Dorsey slammed for promoting Myanmar as a Tourist Destination ကို ဆီလျော်အောင်ပြန်ဆိုပါသည်။ )








we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။