ဂျပန်နိုင်ငံက သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းမှာ လုပ်သားစေလွှတ်နိုင်ဖို့ရန် မြန်မာအစိုးရ ပြင်ဆင်

ဂျပန်နိုင်ငံမှာ နိုင်ငံခြားသားတွေကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးမယ့် ဥပဒေသစ်ကို အတည်ပြုလိုက်ပြီးတဲ့နောက် မြန်မာအစိုးရကလည်း ဂျပန်ကို အလုပ်သမားစေလွှတ်နိုင်ရန်အတွက် (၂)နိုင်ငံ ညှိုနှိုင်းဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်လာနေတာပဲ ဖြစ်ပါတယ်။

ဂျပန်အစိုးရခေါ်ယူမယ့် လုပ်ငန်း(၃)ခုထဲက မြန်မာနိုင်ငံအနေနဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်တဲ့ လုပ်ငန်းတွေမှာ စေလွှတ်ဖို့ ဂျပန်အစိုးရနဲ့ လောလောဆယ်မှာ ညှိနှိုင်းထားတယ်လို့ အလုပ်ရုံ အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့တော့ လစာငွေ မြန်မာကျပ်ငွေအနည်းဆုံး (၁၃)သိန်းကျော်ရမယ့် အလုပ်ခေါ်စာတွေကို စေလွှတ်ခွင့်ပြုဖို့ ရှိနေပါတယ်။ လက်ရှိ ဂျပန်နိုင်ငံက ခေါ်ယူနေတဲ့ အလုပ်အကိုင်အများစုဟာ အလုပ်သင်လုပ်သားနေရာတွေဖြစ်ပြီး လုပ်ငန်းကျွမ်းကျင်ဖို့ထက် ဘာသာစကားကျွမ်းကျင်ဖို့က အဓိက လိုအပ်နေတာပါ။ သွားရောက်အလုပ်လုပ်ကိုင်လိုတဲ့ အလုပ်သမားတွေအနေနဲ့တော့ ဝင်ခွင့်အင်တာဗျူးကို အောင်ရမှာဖြစ်ပြီး ဂျပန်စကားကိုလည်း မဖြစ်မနေပြောတတ်ဖို့လိုတယ်လို့ ဂျပန်နိုင်ငံကို အလုပ်သမားစေလွှတ်နေတဲ့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုက ပြောပါတယ်။ 

ဂျပန်ကို အလုပ်သမားပို့မယ့် အကျိုးဆောင်အေဂျင်စီတွေအနေနဲ့လည်း အမေရိကန်ဒေါ်လာ (၂၈၀၀)နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေကို အကျိုးဆောင်ခအနေနဲ့ ယူဖို့ သတ်မှတ်ထားပါတယ်။ တကယ်တော့ မြန်မာအစိုးရဟာ ဂျပန်မှာ နိုင်ငံခြားသားတွေ လာအလုပ်လုပ်ခွင့်ရမယ့် ဥပဒေသစ်အတည်မပြုခင်ကတည်းက အလုပ်သမားစေလွှတ်ဖို့ကို ဂျပန်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေခဲ့တာပါ။ လတ်တလောမှာတော့ ဂျပန်နိုင်ငံကို စေလွှတ်နေတဲ့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေအနေနဲ့ ဂျပန်နိုင်ငံက အလုပ်ခေါ်စာတွေကို သက်ဆိုင်ရာအစိုးရကို တင်ပြထားပြီး ခွင့်ပြုချက်ရတာနဲ့ စတင်စေလွှတ်တော့မယ်လို့ သိရတယ်။

Crd; DHN

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။