တိတ်တခိုး Crush နေတဲ့သူကို ရုပ်ရှင်ဆန်ဆန် ကားတင်ပြေးခဲ့တဲ့ အမျိုးသား အမှုဖွင့်ခံရ

ဒီဇင်ဘာ (၈)ရက်နေ့က သထုံမြို့နယ်၊ ကတိုက်ကလေးကျေးရွာနေ (၂၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးက သူမရဲ့ ညီမဖြစ်သူနဲ့ မော်လမြိုင်တက္ကသိုလ်မှာ ကျောင်းအပ်ပြီးအဖော်များနဲ့အတူ ကားစီပြီး နေအိမ်သို့ပြန်လာစဉ် ၎င်းကားကို အခြားကားတစ်စီးက ရှေ့မှ ပိတ်ရပ်ခဲ့ပြီး ကားပေါ်တင်ပြေးတဲ့ကိစ္စ ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။

အဆိုပါ ကားတင်ပြေးတဲ့ကိစ္စမှာ မောင်ဖြစ်သူ တဖက်သတ်ကြိုက်နေတဲ့ မိန်းကလေးအား အစ်မဖြစ်သူများကပါ ပူးပေါင်းကာ ကားတင်ပြေးခြင်းဖြစ်တာကြောင့် အစ်မဖြစ်သူများလည်း အမှုတွဲဖြစ်နေတယ်လို့ သိရပါတယ်။ ရုပ်ရှင်ဆန်တန် ကားတင်ပြေးပေမယ့် တာဝန်ရှိလူကြီးတွေ အချိန်မှီသိခဲ့လို့ သူတို့ ကြိုးစားမှုက အထမမြောက်ခဲ့ပါဘူး။

 ‘‘ အဲဒီအမျိုးသမီးကို တစ်ဖက်သတ်ကြိုက်နေတဲ့ လူပျိုကြီး က သူ့အစ်မတွေနဲ့အတူ လမ်းမှာ ဖြတ်ပြီးတော့ သူတို့ အိမ်ကို အဓမ္မ ခေါ်ဆောင်သွားတာပါ။ ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ရပ်မိရပ်ဖတွေသိရှိလို့ နာရီဝက်အတွင်းမှာပဲ သွားပြန်ခေါ်ပြီး အဲဒီ အမျိုးသမီးကို သူ့မိဘလက်ဝယ်ကို ပြန်လည်အပ်နှံပေးခဲ့ပါတယ် ’’ ဟု ကတိုက်ကလေးကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ 

ပိတ်ရပ်ထားသော ကားပေါ်တွင် တစ်ရွာတည်းနေ (၄၃)နှစ်အရွယ် အမျိုးသားနဲ့အတူ ၎င်း၏ အစ်မအရင်း (၂)ဦး၊ အခြားအမျိုး သမီးကြီးတစ်ဦးတို့ ဆင်းလာပြီး ၎င်းတို့ ကားပေါ်ကို မိန်းကလေးအား အတင်းဆွဲခေါ်ပြီးနောက် အဆိုပါ အမျိုးသား၏ နေအိမ်သို့ ခေါ်ဆောင်လာပြီး နေအိမ်အောက်ထပ် မီးဖိုခန်းအတွင်း တံခါးပိတ်ထားကြောင်း ရဲမှတ်တမ်း၌ ဖော်ပြထားသည်။

အဲ့နောက် ဒီဇင်ဘာ(၉)ရက်တွင် ကာယကံရှင်အမျိုးသမီး၏ လာရောက်တိုင်တန်းချက်အရ အတင်းအဓမ္မခေါ်ဆောင်၍ မတရားချုပ်နှောင်တဲ့ (၄၃)အရွယ် အမျိုးသား၊ (၅၄)နှစ်နဲ့ (၄၇)နှစ်အရွယ် ၎င်း၏ အစ်မရင်း (၂)ဦး၊ (၅၀)နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ (၄၈) နှစ်အရွယ် ယာဉ်မောင်းအမျိုးသား စုစုပေါင်း(၅)ဦးကို အတင်းအဓမ္မထိမ်းမြားပေးစားရန် မိန်းမခိုးယူမှု၊ မတရားချုပ်နှောင်ထားမှု၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှုတို့ဖြင့် အမှုဖွင့်ထားကြောင်း သိမ်ဆိပ်နယ်မြေရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

Ref – 7Days

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။