အပြင်ထွက်လည်ဖို့ကို အလှပြင်ဆင်တာကြာနေလို့ ဇနီးသည်ကို သတ်ပစ်လိုက်တဲ့သူ

Mexican နိုင်ငံရဲ့ ဆိပ်ကမ်းမြို့လေးဖြစ်တဲ့  ဗရာခရုဇ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ စိတ်မကောင်းစရာကိစ္စတစ်ခုဖြစ်ပါတယ်။ အသက်(၂၆)နှစ်အရွယ် Gabriel ဆိုတဲ့ အမျိုးသားတစ်ဦးဟာ (၉)လသားအရွယ်ကလေးကို နို့တိုက်ကျွေးနေတဲ့ ဇနီးသည် Hortencia ကို အကြောင်းပြချက် ခိုင်ခိုင်မာမာမရှိဘဲ ရက်ရက်စက်စက် သေနတ်နဲ့ အသေပစ်သတ်ခဲ့ပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရတဲ့ Hortencia ဆိုတဲ့ အမျိုးသမီးဟာ ကလေး(၄)ယောက်မိခင်ဖြစ်တယ်လို့သိရပြီး သူမမှာ (၂)နှစ်၊ (၄)နှစ်၊ (၈)နှစ်နဲ့ (၉)လသားအရွယ် ကလေး(၄)ယောက်ရှိပါတယ်။ သူမ အသတ်ခံရတဲ့အကြောင်းအရင်းကတော့ သူတို့ လင်မယားနှစ်ယောက် ညဘက် အပြင်ထွက်လည်ဖို့ စီစဉ်ထားရာမှ ဇနီးဖြစ်သူ Hortencia ဟာ အချိန်တော်တော်ကြာတဲ့အထိ အလှပြင်ဆင်နေပြီး အပြင်ထွက်ဖို့ အသင့်မဖြစ်သေးတာကြောင့် ဒေါသထွက်ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ သိရပါတယ်။


အိမ်နီးနားချင်းတွေရဲ့ ပြောကြားချက်တွေအရတော့ ရက်စက်ကြမ်းကြုတ်တဲ့ Gabriel ဆိုတဲ့ အမျိုးသားဟာ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဇနီးသည် Hortencia အပြင် နောက်ထပ် ကိုယ်ဝန်လွယ်ထားရတဲ့ အခြားမိန်းမတစ်ယောက်ရှိကြောင်း၊ မိန်းမဖြစ်သူကိုလည်း နည်းမျိုးစုံနဲ့ စိတ်ဒုက္ခရောက်အောင် ပြုမှုဆက်ဆံကြောင်း၊ တစ်ခါတလေမှာ Hortencia ဟာ ယောကျ်ားဖြစ်သူရဲ့ ကေဘယ်လ်ကြိုးတွေနဲ့ နှိပ်စက်ရိုက်နှက်တာကို ခံရကြောင်း၊ သေနတ်နဲ့ ပစ်သတ်မယ်လို့ ခြိမ်းခြောက်ကြောင်းတို့ကိုလည်း ကြားရကြောင်း ပြောကြပါတယ်။


သေဆုံးသွားတဲ့ Hortencia ရဲ့ ဖခင်ကတော့ “ သမီးဖြစ်သူရဲ့ ယောက္ခထီးနဲ့ ယောက္ခမတို့က Hortencia ကို အိမ်ရဲ့ အခိုင်းအစေနဲ့ ထမင်းချက်အဆင့်သာ သဘောထားကြပြီး သူတို့ သားက ချွေးမဖြစ်သူကို ရိုက်နှက်တဲ့အခါ လူကြီးအနေနဲ့ ဝင်ရောက်ဖြေရှင်းပေးခြင်းမျိုး မရှိကြောင်း ” ပြောပြပါတယ်။


ကျယ်လောင်လှတဲ့ သေနတ်သံနဲ့အတူ အိမ်နီးနားချင်းတွေ ရောက်လာပြီး မြေပြင်မှာ သွေးတွေနဲ့ လဲကျနေတဲ့ Hortencia အလောင်းကို တွေ့ရှိခဲ့တဲ့အတွက် ရဲကို ချက်ချင်းဖုန်းဆက်ပြီး အကြောင်းကြားခဲ့ပါတယ်။ သိပ်မကြာခင်မှာ ရဲတွေရောက်လာပြီး စစ်ဆေးမှုတွေလုပ်ခဲ့ပေမယ့် လူသတ်တရားခံ Gabriel ကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

လတ်တလောအခြေအနေမှာတော့ Gabriel ကို ရဲတပ်ဖွဲ့များက လိုက်လံရှာဖွေနေပြီး စွဲချက်(၄)ခုလောက်နဲ့ တရားစွဲဆိုထားကြောင်း သိရပါတယ်။


Source; dailymail.co.uk

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။