အမျိုးသမီးတွေ (၁၃၆)ပေါင်ကျော်ရင် အခမဲ့ဝင်ခွင့်ပေးတဲ့ ပန်းခြံ

“ ဝ ” မှ လှတယ်ဆိုတဲ့ စကားလုံးလေးက ဒီနေရာမှာ အသုံးဝင်သွားတာပေါ့နော်။ ယနေ့ခေတ်မှာ ခေတ်နဲ့အညီ LCD ဖြစ်အောင်၊ ကိတ်အောင်လို့ နေ့စဉ်နဲ့အမျှ ကြိုးစားပမ်းစား လေ့ကျင့်နေကြတဲ့သူတွေအများကြီးရှိတယ်ဆိုတာ အထူးတလည်ပြောမနေတော့ပါဘူး။ Slim ဖြစ်ချင်တဲ့သူတွေကတော့ အစားအသောက်ရှောင်ရ၊ gym ဆော့ရ၊ ပိန်ဆေးတွေသောက်ရ၊ ဝိတ်ကျစေတဲ့ စက်ပစ္စည်းတွေ ဝယ်ရနဲ့ အတော်ကို အလုပ်ရှုပ်နေချိန်မှာ ဝတုတ်လေးတွေက တနေ့တနေ့ ဘာစားရင်ကောင်းမလဲ စဉ်းစားနေတော့ “ ဝ ” လို့ အမြဲအနှိမ်ခံရတာပေါ့နော်။ ဒါပေမယ့် အမြဲအနှိမ်ခံနေရတဲ့ ဝဝတုတ်တုတ်လေးတွေကို အလေးပေးဆက်ဆံတဲ့ ကိစ္စတစ်ခု တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။


တရုတ်နိုင်ငံ Shaanxi Province ၊ Xi’an ပြည်နယ်မှာရှိတဲ့ Tang Paradise ဆိုတဲ့ပန်းခြံဟာ အားလပ်ရက်တွေမှာ ပန်းခြံကို အပန်းဖြေလာတဲ့ အမျိုးသမီးတွေထဲကမှ အမျိုးသမီး (၆၁၈)ယောက်ကို အခမဲ့ပေးဝင်မယ်တယ်ဆိုတဲ့ သတင်းကြောင့် လူမှုကွန်ယက်တွေပေါ်မှာ အတော်လေးကို နာမည်ကြီးသွားခဲ့ပါတယ်။


ဒါပေမယ့် အခမဲ့ဝင်ခွင့်ဟာ (၁၅)ရက်နေ့မှ (၁၉)ရက်နေ့အထိသာ ကန့်သတ်ထားပြီး အခမဲ့ဝင်ချင်တဲ့ အမျိုးသမီးတွေအတွက်လည်း သတ်မှတ်ချက်တွေရှိပါတယ်။ ဘာသတ်မှတ်ချက်လဲဆိုတော့ (၁၃၆)ပေါင် (၆၁.၈ကီလိုဂရမ်)ရှိတဲ့ အမျိုးသမီးတွေသာ ပန်းခြံထဲကို အခမဲ့ဝင်ရမှာပဲ ဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီးများအနေနဲ့ ပန်းခြံထဲမဝင်ခင်မှာ အရင်ဆုံးပေါင်ချိန်ရမှာဖြစ်ပြီး ပေါင်ချိန်ဖို့ကိုလည်း ပန်းခြံဝင်ပေါက်နားမှာ ဝန်ထမ်းတွေက စစ်ဆေးပေးမှာ ဖြစ်ပါတယ်။


သတ်မှတ်ထားတဲ့ ပေါင်အလေးချိန်ပြည့်တယ်ဆိုရင် ပန်းခြံထဲကို အခမဲ့ဝင်ခွင့်ရမှာဖြစ်ပြီး ပေါင်အလေးချိန်မပြည့်တဲ့သူတွေကတော့ လက်မှတ်အတွက် ယွမ် (၉ဝ) (ဒေါ်လာ ၁၃.၈၄) ပေးဆောင်ရမှာဖြစ်ပါတယ်။ ယနေ့ခေတ်ကြီးမှာ ပိန်ပိန်ပါးပါး Slim မော်ဒယ်လေးတွေမှ အားကျကျပြီး ဝတုတ်တုတ်လေးတွေဆို လှောင်ပြောချင်ကြတဲ့ အခြေအနေကို Tang Paradise ပန်းခြံက ပြောင်းလဲပစ်လိုက်ပါတယ်။
“ အခုခေတ်မှာ ပိန်မှလှတယ်လို့ လူတိုင်းက သတ်မှတ်ထားပေမယ့် ကျနော်တို့ကတော့ ဝဝတုတ်တုတ် အမျိုးသမီးတွေဟာ ပိုပြီးလှကြောင်း ပြောချင်တယ်ဗျာ ” လို့ Tang Paradise ပန်းခြံရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။


အခုလို ပန်းခြံဝင်ကြေးကို ထူးထူးခြားခြားသတ်မှတ်ခြင်းဟာ လူအများကြားမှာ ပျော်စရာရွှင်စရာတစ်ခုဖြစ်ခဲ့ပြီး အတော်လေး နာမည်ကြီးခဲ့ပါတယ်။ တကယ်တော့ ဒီလို အခမဲ့ဝင်ခွင့်သတ်မှတ်ခြင်းဟာ သူတို့ ပန်းခြံကို လူသိများအောင် ကြော်ငြာတဲ့ နည်းလမ်းလေး တစ်မျိုးဖြစ်ပါတယ်။

ဒီလိုလေး လုပ်မယ်ဆိုရင် ပျော်စရာလေးလည်းဖြစ် ကြော်ငြာပြီးသားဖြစ်ဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ရှိရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်ဗျာ … ။

Source; nextshark.com

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။