ဟင်းချက်မကောင်းဘူးပြောလို့ ဆွေမျိုးတွေကို အဆိပ်ခပ်သတ်လိုက်တဲ့ အမျိုးသမီး


အိန္ဒိယနိုင်ငံ၊ Raigad ခရိုင်၊ Mahad မြို့၊ Khalapur ရွာလေးမှာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ဖြစ်စဉ်ရဲ့ အဓိကတရားခံမှာ Pradnya Survase ဆိုတဲ့ အသက်(၂၃)နှစ်အရွယ် မိန်းကလေးဖြစ်ပြီး သူမရဲ့ လုပ်ရပ်ကြောင့် သေဒဏ်စီရင်ဖို့ တရားရုံးမှ အမိန့်ချမှတ်ထားတယ်လို့ သိရပါတယ်။


Pradnya ဟာ တနေ့တော့ သူမအိမ်သစ်တက်ပွဲမှာ သူမမကျေနပ်တဲ့ ဆွေမျိုးတွေ အကုန်လုံးကို ဖိတ်ခေါ်လိုက်ပြီး အကွက်ကျကျ သတ်ဖြတ်ပစ်ခဲ့ပါတယ်။ သူမရဲ့ ဆွေမျိုးတွေက သူမကို အသားမည်းသူ၊ ဟင်းချက်ရင်လည်း စားချင်စရာမရှိလောက်အောင်ကို ညံ့တဲ့သူလို့ မကြာခဏ ပြောခဲ့တဲ့သူတွေဖြစ်ပါတယ်။ သူမကို အဓိက အနိုင်ကျင့်သူတွေကတော့ သူမယောက်ျားဘက်က အမျိုးတွေဖြစ်ပြီး အဲ့ဒီ အမျိုးတွေဟာ သူမကို နေ့စဉ် နှိပ်စက်ဆဲဆိုတဲ့အပြင် ခွဲခြားဆက်ဆံမှုတွေပါ ပြုလုပ်ခဲ့တဲ့အတွက် သူမစိတ်ထဲမှာ မကျေနပ်တဲ့ အညိုးတွေ ပြည့်နေခဲ့ပါတယ်။


သူမ အဓိကမကျေနပ်တဲ့သူတွေကတော့ သူမရဲ့ ယောကျ်ားအပါအဝင်၊ ယောက္ခမ၊ ယောင်းမ(၂)ဦး၊ ယောက္ခမရဲ့ ညီမဖြစ်သူ၊ ၎င်းညီမရဲ့ ခင်ပွန်းတို့ဖြစ်ပြီး သူတို့ဟာ နေစဉ်နဲ့အမျှ သူမကို ဇာတ်အနိမ့်အမြင့်ခွဲခြား ဆက်ဆံခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ အသားမည်းသူလို့ လှောင်ပြောင်ခြင်း၊ ဟင်းချက်ရင်လည်း အသုံးမကျဘဲ အလွန်ညံ့သူဖြစ်ခြင်းစတဲ့ အကြောင်းအရာတွေက တစိမ်းတွေရှေ့မှာတောင် မငဲ့ညာဘဲ ကဲ့ရဲ့ခဲ့ကြပါတယ်။


Pradnya ဟာ ဆွေမျိုးတွေရဲ့ ချိုးနှိမ်မှု ခွဲခြားဆက်ဆံမှုတွေကြောင့် အမြဲ ငိုကြွေးခဲ့ရပြီး သူမအလှည့်ရောက်လာတဲ့ တစ်နေ့မှာတော့ သူမအိမ်ကို ဧည့်သည့်(၁၂၀)လောက်ကို ဧည့်ခံကျွေးမွေးတဲ့ အိမ်တက်ပွဲကြီးလုပ်လိုက်ပြီး အဲ့ဒီပွဲမှာ ကျွေးမွေးတဲ့ ဟင်းလျာတွေထဲကို အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်ရဲ့ အဆိပ်ကို ထည့်ခဲ့ပါတယ်။


အဲ့ဒီ အဆိပ်ခပ်မှုကြောင့် အသက်(၇)နှစ်မှ (၁၃)နှစ်အတွင်း ကလေး(၄)ဦး၊ Gopinath Nakure အမည်ရ အမျိုးသမီး(၁)ဦးတို့ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ကျန် (၈၈)ဦးကတော့ ဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူခဲ့ရပါတယ်။ အခင်းဖြစ်စဉ်ကို စုံစမ်းမေးမြန်းတဲ့အခါမှာ ရဲတွေက Pradnya ကို သံသယမကင်း ဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ သူမရဲ့ နေအိမ်အတွင်းကို ဆက်လက်ရှာဖွေတဲ့အခါမှာတော့ ပိုးသတ်ဆေးနဲ့ အဆိပ်ပုလင်းတွေကို တွေ့ခဲ့ရပါတယ်။


တာဝန်ကျရဲဝန်ထမ်းတွေရဲ့ စစ်ဆေးချက်တွေကြောင့် Pradnya ဟာ နောက်ဆုံးတော့ သူမအပြစ်ကို ဝန်ခံခဲ့ပါတယ်။ သူမ အမှန်တကယ် သေစေချင်တာ ဒီလူတွေမဟုတ်ကြောင်း သူမအမျိုးတွေဖြစ်ကြောင်းလို့လည်း ဖွင့်ဟ ဝန်ခံခဲ့ပါသေးတယ်။ ရဲတွေကတော့ Pradnya ကို လူသတ်မှု၊ လူသတ်ရန်ကြံစည်မှုတွေနဲ့ စွဲချက်တင်ခဲ့ပြီး ပြစ်မှုကြီးကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာဖြစ်လို့ အမြင့်ဆုံး သေဒဏ်၊ အနိမ့်ဆုံး ထောင်ဒဏ်တစ်သက်အထိ ချမှတ်ခံရဖို့ ရှိတယ်လို့ သိရပါတယ်။


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။