ဆနွင်းစစ်စစ်ရဲ့ လူသိနည်းတဲ့ ဆိုးကျိုးတွေ

အခုအရမ်းကို ရေးချင်နေတဲ့ အကြောင်းအရာကတော့ အခုတလော အသားဖြူစေတယ်လို့ လူပြောများလာတဲ့ 

ဇာတ်လိုက်ကျော်ကြီး ဆနွင်းအကြောင်းပေါ့။

ဆနွင်းကို Tumeric လို့ခေါ်ပြီး သူ့အသုံးဝင်ပုံများပြားလှပါတယ်။ 

ခေါင်းကိုက်ရောဂါ၊ အစာအိမ်က ဂက်စ်တွေထွက်တာကစလို့ အအေးမိတာ ဝမ်းသွားတာ အဆုံး အသည်းပြသနာတွေ ကိုပါဖြေရှင်းပေးနိုင်တယ်လို့လဲဆေးပညာမှာရှိပါတယ်။အညှီနံ့တွေပျောက်စေတဲ့ ဟင်းခတ်အမွှေးအကြိုင်အဖြစ်သုံးတယ်။ သွေးသားကိုသန့်စင်စေလို့သောက်ကြတယ်။ နောက်ပြီး အသားကိုဝင်းစေတယ်ဆိုပြီး လိမ်းကြတယ်။ Scrub တွေမှာတောင် ထည့်ကြပါတယ်။

ဒါပေမယ့် ဆနွင်းဟာအသုံးဝင်ပုံတွေများပြားသလောက် ဆိုးကျိုးတွေလဲ မလွဲမသွေရှိပါတယ်။ သိပ်ပြင်းထန်တဲ့ အာနိသင် ရှိနေလို့ပေါ့။ ကိုယ်ဝန်ဆောင်တွေ နို့တိုက်မိခင်တွေဟာ ဟင်းထဲမှာပါတဲ့ပမာဏလောက်ပဲ စားသုံးသင့်ပြီး ဆေးသောက်တဲ့ ပမာဏအနေနဲ့ ဆနွင်းကို မသောက်သုံးသင့်ပါဘူး။ မလိုလားအပ်တဲ့ ဆိုးကျိုး တွေဖြစ်လာနိုင်ပါတယ်။ ဆနွင်းဟာ အမျိုးသမီးများရဲ့ ရာသီ စက်ဝန်းမှာ သိပ်ကို အားကောင်းအောင် အလုပ်လုပ်ပေးနိုင်လို့ပါ။ နောက်ပြီး ကိုယ်ထဲဆနွင်းအများအပြားဝင်ခြင်းဟာ သည်းခြေအိတ်ကို ထိခိုက်စေပါတယ်။ ဆေးပညာရှင်တွေပိုသိနိုင်မယ့် သူ့အကြောင်းကိုခဏထားပြီး အရေပြားပညာရှင်တွေပြောပြတဲ့ အသားအရေအတွက် အကျိုးနဲ့ ဆိုးကျိုးတွေကို ပြောပြပါ့မယ်။

ဆနွင်းဟာ အသားအရေကို ဝင်းပစေပါတယ်။ အရေပြားမှာရှိတဲ့ မယ်လနင် လို့ ခေါ်တဲ့ အရောင်ခြယ် ဆဲလ်စ်တွေကို အတော်လျှော့ချပေးနိုင်တဲ့အတွက် ဖြူဝင်းလာစေပါတယ်။ (အခု လက်ရှိWhitening Effect ပါတဲ့ Skin Care တွေနဲ့ တူတူပါပဲ။ ခုရေးထားတာအမြန်ဖတ်ပြီး ဆနွင်းတွေပြေးလိမ်း Whitening တွေပြေးသုံးမလုပ်ပဲ ဆုံးအောင်ဖတ်ကြည့်စေချင်ပါသည်။)

ပြောရရင် ပုံမှန်အသားအရေပေါ်ဆနွင်းလိမ်းခြင်းအားဖြင့် မယ်လနင်ကို လျှော့ချပေးသောကြောင့် အသားဖြူဝင်း လာစေမယ် ဆိုပေမယ့် အသားအရေမှာ ပေါက်ပြဲဒဏ်ရာတစ်ခုခု ရှိခဲ့လျှင်သော်လည်းကောင်း၊ အရေပြားပွန်းပဲ့နေလျှင်သော်လည်းကောင်း၊ ဝက်ခြံရှိပြီးပေါက်ပြဲနေလျင်သော်လည်းကောင်း ဆနွင်းက အရေပြားပေါ်သာမဟုတ်ပဲ အတွင်းအထိ စိမ့်ဝင်သွားပြီး မယ်လနင်တွေကို လျှော့ချရုံမက သတ်ပစ်နိုင်ပြီး အခန့်မသင့်ရင် အဖော်အပေါင်းများခေါ် ဆောင်လာလို့ ဘေးကမယ်လနင်မှန်သမျှကို သတ်တော့တာပါပဲ။ 

မယ်လနင်သတ်ရင် ဘာဖြစ်မလဲဆိုတော့ အသားတွေဖြူသွားတာပေါ့လို့တော့ လွယ်လွယ်မတွေးလိုက်ပါနဲ့။ အဖြူကွက်ကွက်တွေဖြစ်လာပြီး ပွားလာတာပါ။ နောက်ဆုံးအရေပြား ၇လွှာရဲ့ အောက်ဆုံးမွှေးညှင်းပေါက်ထဲထိ မယ်လနင် မရှိတော့ရင် တစ်ကိုယ်လုံး ကုမရတဲ့ အဖြူရောင်နဲ့ အမွှေး အမျှင်တွေပါဖြူကုန်တော့တာပါပဲ။ သိပ်ပြင်းထန်ပြီး သိပ်ကြောက်စရာကောင်းပါတယ်။ အသားအရေပေါ်က အရေပြားဆိုတာ ဒဏ်ရာကြီးကြီးရှိမှ မဟုတ်ပါဘူး။ အခု လက်သည်းနဲ့ ကုတ်လိုက်လည်း မမြင်ရတဲ့ပွန်းပဲ့မှု ( Microscope နဲ့ဆိုရင်တော့ မြင်ရတာပေါ့လေ) တွေရှိနေနိုင်ပါတယ်။ တချို့ လူကြီးသူမတွေက ဒဏ်ရာကို ဆနွင်းမထိနဲ့ ခရုသင်းဖြစ်တတ်တယ်လို့ပြောတာ ဒီသဘောကိုပြောကြတာပါ။ ဒါပေမယ့် တချို့က ဒဏ်ရာကို ဆနွင်းသိပ်တယ်ဆိုတဲ့ အယူလဲရှိသေးတော့ ရှောင်ကျဉ်သင့်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေမှာတော့ ကိစ္စမရှိပါဘူး။ (ဆနွင်းကသွေးထွက်တာကိုတော့ လျှော့ချပြီးတိတ်စေတဲ့အာနိသင်ရှိတော့ လူတွေပါလိုကသုံးကြတာ ဖြစ်ပါလိမ့်မယ်)

အခုဆို နာမည်ကြီး Spa တွေမှာပါ Body Scrub ကိုဆနွင်းနဲ့ လုပ်တယ်တို့ မိန်းကလေးတွေအသားဝင်းအောင် အိမ်မှာဆနွင်းလိမ်းတယ်တို့ဆိုတာတွေ ကြားနေမြင်နေလို့ သတိကြီးကြီးထားစေချင်တာပါ။

နောက်တော့ ဓာတုဗေဒပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ Whitening တွေကိုလဲ သတိထားပြီးသုံးစေချင်ပါတယ်။ ချက်ချင်းဖြူတယ် အဖြူမြန်တယ်ဆိုလေ ကြောက်ရလေပါပဲ။ အခု အွန်လိုင်းမှာတွေ့နေရတာ ချက်ချင်းသားဖြူ ချက်ချင်းပိန် ချက်ချင်း အရပ်ရှည်စေတယ်ဆိုတာတွေ တစ်ခုခုဖြစ်ခဲ့ရင် ဘယ်သူကအာမခံချက်ပေးမလဲသိချင်စရာပါ။ FDA ရတယ်ဆိုပေမယ့် Registered Comapany မရှိရင်တာဝန်ဘယ်သူယူပေးမလဲဆိုတာကိုရောပေါ့။ မွေးရာပါရွေးခြယ်ခွင့်မရှိတဲ့ ပုံပန်းသဏ္ဍန်ကို ပြောင်းလဲရင် သဘာဝကိုဆန့်ကျင်မိတာပါပဲ။ ဆိုးကျိုးများလှပါတယ်။ 

အသားအရေဆိုတာ ဖြူတာထက် နူးညံ့ဝင်းပနေတာ တောက်ပကြည်လင်နေတာမှ လှတယ်ခေါ်တာပါ။

တချို့ ဖြူပေမယ့် ကြမ်းတမ်းပြီး မွဲခြောက်နေတဲ့ အသားအရေတွေပုံလို့ပါပဲ။

လှချင်တဲ့မိန်းကလေးများ ဉာဏ်ပညာနဲ့ ယှဉ်ပြီး ဆုံးဖြတ်နိုင်ကြပါစေ. . . ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။