ခြေဖျားအေးခြင်းရဲ့ ဖြစ်ရပ်မှန်

ကျွန်တော်တို့တွေ ခြေဖျား၊လက်ဖျားအေးတဲ့အခါ ပေါ့ပေါ့ဆဆပဲ နေတတ်ကြပါတယ်။ တကယ်က ခြေဖျားအေးတယ်ဆိုတာ ခြေထောက်တွေဆီကို အောက်ဆီဂျင်တွေ ကောင်းကောင်း မရောက်နိုင်တာနဲ့ သွေးလည်ပတ်မှု မကောင်းတဲ့အတွက်ကြောင့်ပါ။

ရုတ်တရက်ကြည့်ရင်တော့ ဘာမှမဟုတ်တဲ့ သာမန်ပြဿနာလေးဆိုပေမယ့် တချို့သောရောဂါတွေအတွက် ရောဂါလက္ခဏာလည်း ဖြစ်နေတတ်တာမို့ သတိထားပြီး ဂရုစိုက်စေချင်ပါတယ်။ ဥပမာ - သွေးအားနည်းရောဂါ၊ ဆီးချိုရောဂါ၊ အာရုံကြော ထိခိုက်မှု အစရှိတဲ့ရောဂါတွေ။

ကဲ ဒါကြောင့် ခြေဖျားအေးတာကို သက်သာစေမယ့်နည်းလမ်းတွေ ပြောပြပေးချင်ပါတယ်။

၁။ ငရုတ်သီးမှုန့်ကို ခြေအိတ်ထူထူထဲ ထည့်ပြီး ခြေထောက်မှာ စွပ်လိုက်ပါ။ ခြေအိတ်ပေါ်ကတဆင့် ခြေထောက်ကို နှိပ်နယ်ပေးရုံနဲ့ ခဏအတွင်း နွေးထွေးသွားစေမှာပါ။

                         
၂။ မနက်စောစောမှာ မြက်ခင်းပြင်ပေါ် ခြေဗလာနဲ့ လမ်းလျှောက်ပေးပါ။ ဒီလိုလုပ်ပေးတာက သွေးလည်ပတ်မှုကို ပိုကောင်းစေပြီး ခြေထောက်ကြွက်သားတွေကို သန်မာစေပါတယ်။

                        
၃။ ရေဇလုံ ၂လုံးယူပြီး ၁လုံးမှာ ရေပူထည့်၍ နောက်၁လုံးမှာ ရေအေးထည့်လိုက်ပါ။ ရေပူက ကိုယ် ခြေထောက်စိမ်နိုင်မယ့်အပူချိန် ဖြစ်ရပါမယ်။ ပြီးရင်တော့ ရေဇလုံ ၂လုံးကို တစ်လှည့်စီ စိမ်ရင်း ခြေကျင်းဝတ် လေ့ကျင့်ခန်း လုပ်ပေးပါ။ ၁၀မိနစ်ခန့် စိမ်ပေးသင့်ပါတယ်။
၄။ ရေဇလုံထဲ ဆားကြမ်းနဲ့ရေနွေး ထည့်ပြီး စိမ်ပေးပါ။ သို့မဟုတ် ချင်းပြုတ်ရည်နဲ့ စိမ်ပေးပါ။
၅။ အိပ်ရာမဝင်ခင် အုန်းဆီ၊ သံလွင်ဆီ တစ်မျိုးမျိုးကို အပူအနည်းငယ် ပေးပြီး ခြေဖဝါးကို နှိပ်နယ်လိမ်းပေးပါ။

“ဟင့်အင်း အဲလိုလုပ်ရတာတွေ ပျင်းတယ်။ ဒီတိုင်း တစ်ခုခုသောက်လို့ရော မရဘူးလား”
ရတာပေါ့။ နည်းလေးတွေကတော့

၆။ ချင်းပြုတ်ရည်ကို ပျားရည် အနည်းငယ် ထည့်ပြီး သောက်နိုင်ပါတယ်။
၇။ သွေးလည်ပတ်မှုကောင်းစေတဲ့ လက်ဖက်စိမ်းနွေးကြမ်းထဲကို ပျားရည် အနည်းငယ် ထည့်ပြီး သောက်ပေးပါ။


                             
ဒီလောက်ဆိုရင်တော့ ခြေဖျားအေးရင် ဘယ်လိုလုပ်ရမလဲဆိုတာ သိလောက်ပြီလို့ ထင်ပါတယ်။ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားပေးဖို့လည်း မမေ့နဲ့နော်။ We Media ပရိသတ်ကြီးတို့ ကျန်းမာကြပါစေ။  ။

Scarlett

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။