ကြမ်းတမ်းလွန်းတဲ့ ဝက်တုပ်ကွေးနှိမ်နင်းမှု ရုပ်သံကြောင့် ဝေဖန်မှုတွေခံနေရတဲ့ တရုတ်နိုင်ငံ

တရုတ်နိုင်ငံမှာ အာဖရိကန် ဝက်တုပ်ကွေးဖြစ်ပွားမှုတွေမြင့်တက်နေတာကြောင့် တုပ်ကွေးဖြစ်ပွားနေတဲ့ ဝက်တွေကို မွေးမြူရေးခြံတွေက ရှင်းလင်းရေးလုပ်နေကြပါတယ်။ အဲဒီလိုရှင်းလင်းနေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို လူတစ်ယောက်က အွန်လိုင်းပေါ်တင်လိုက်တဲ့အခါမှာတော့ မွေးမြူရေးခြံတွေရဲ့ ဝက်တုပ်ကွေးတိုက်ဖျက်မှုအပေါ်ကို လူတွေက မေးခွန်းတွေထုတ်လာကြပါတော့တယ်။

ခန့်မှန်းခြေ အနက် ၁၀ မီတာလောက်ရှိတဲ့ ကျင်းကြီးထဲကို ကောက်ရိုးတွေနဲ့ လောင်စာတွေအရင်ထည့်ပါတယ်။ ရောဂါကူးစက်မှုရှိနေတယ်လို့ယူဆရတဲ့ ဝက်တွေကို ကျင်းထဲပစ်ချပြီး အရှင်လတ်လတ်မီးရှို့သုတ်သင်တာပါ။ ဝက်တွေရဲ့စူးစူးဝါးဝါးအော်ဟစ်နေတဲ့အသံတွေ နဲ့ ကြမ်းတမ်းလွန်းတဲ့မြင်ကွင်းတွေကြောင့် ဗီဒီယိုဖိုင်ဟာ စိတ်မချမ်းသာစရာကောင်းလွန်းနေပါတယ်။

တရုတ်နိုင်ငံထဲမှာ ပြုလုပ်ခဲ့တာတော့ ကျိန်းသေဖြစ်ပေမယ့် ဘယ်နေရာမှာပြုလုပ်ခဲ့လဲဆိုတာတော့ မသိရပါဘူး။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့လည်း ဝက်တုပ်ကွေးကိုရှင်းလင်းသင့်တာမှန်ပေမယ့် အခုလိုမျိုးအရှင်လတ်လတ်မီးရှို့သတ်ဖြတ်တာဟာ ရှင်းလင်းတာနဲ့မတူပဲ အစုလိုက်အပြုံလိုက်ညှင်းပန်းသတ်ဖြတ်တဲ့ပုံပေါ်နေတာကြောင့် တိရစ္ဆာန်ညှင်းပန်းတဲ့ဥပဒေနဲ့တောင်ငြိစွန်းနေပြီ လို့ အွန်လိုင်းအသုံးပြုသူတွေက ဝေဖန်ကြပါတယ်။

လက်ရှိမှာတော့တရုတ်အာဏာပိုင်တွေအနေနဲ့ အဆိုပါဖြစ်ရပ်ကိုအရေးယူမယူဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

Gabriel
Source : chinadaily, news21channel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။