ချစ်သူကို အချိန်မပေးဘဲ ဂိမ်းပဲဆော့နေလို့ ဆာမူရိုင်းဓားနဲ့ ခုတ်ခဲ့တဲ့ ကောင်မလေး

ချစ်သူကောင်လေး Alex Lovell နဲ့ ကောင်မလေး Emily Javier တို့ဟာ ချစ်သူသက်တမ်း(၂)နှစ်ကျော်ကြာခဲ့ပြီဖြစ်တဲ့ ချစ်သူတွေ ဖြစ်ပါတယ်။ တနေ့တော့ Alex အိပ်ပျော်နေတုန်း သူ့ကောင်မလေး Emily ရောက်လာပြီး ဆာမူရိုင်းဓားကို ကိုင်ကာ Alex ကို ဓားနဲ့ ထိုးဖို့ ကြိုးစားခဲ့ပါတယ်။


ဖြစ်စဉ်အကျဉ်းချုပ်ကတော့ Alex Lovell အိပ်မောကျနေချိန်မှာ ချစ်သူကောင်မလေးက ဆာမူရိုင်းဓားနဲ့ ခုတ်ဖို့လုပ်ခဲ့တာကြောင့် ရုတ်တရက် လန့်နိုးသွားခဲ့ပါတယ်။ ဒါပေမဲ့ အတင်းရုန်းကန်လို့ အသက်ဘေးက လွတ်မြောက်နိုင်ခဲ့တယ်လို့ ရဲတွေကို ထွက်ဆိုခဲ့ပါတယ်။ Alex ဟာ ဓားတရမ်းရမ်းနဲ့ ရောက်လာတဲ့ Emily ကို ဆောင်နဲ့ အုပ်ပြီး တင်းတင်းကျပ်ကျပ်ဖက်ထားတဲ့အတွက် အခုလို အသက်ဘေးက လွတ်မြောက်သွားနိုင်ခဲ့ပေမယ့် လက်ညိုး၊ လက်ခလယ်နဲ့ လက်သန်းကြွယ်တို့တော့ ပြတ်သွားခဲ့ပါတယ်။


“ ကျနော် ကြည့်လိုက်တဲ့အချိန်မှာ သူမ မျက်လုံးတွေက တော်တော်ကြောက်စရာကောင်းတယ်။ ကျနော် သူမကို တကယ်ကို ချစ်ခဲ့တဲ့အကြောင်းတွေ ပြောခဲ့တယ်။ ဒါပေမယ့် သူမ ကျနော့် ဓားနဲ့ ခုတ်ခဲ့တယ်။ သူမ ရဲခေါ်ဖို့လိုတယ်၊ အဲလိုမှမဟုတ်ရင် ကျနော် သေနေလောက်ပြီ ” လို့ Alex က ဖြစ်စဉ်ကို ပြန်ပြောပြခဲ့ပါတယ်။ ရဲတွေရောက်လာတဲ့အချိန်မှာ Emily ဟာ သူ့ ချစ်သူကို ဓားနဲ့ ထိုးခဲ့ကြောင်း ဝန်ခံပြီး သူ့ချစ်သူသေဆုံးသွားတယ်လို့လည်း ထင်နေခဲ့ပါတယ်။


Alex  နဲ့ Emily ဟာ ချစ်သူသက်တမ်း(၂)နှစ်ရှိခဲ့ပေမယ့် အတူတူရှိတဲ့အချိန်၊ Date တဲ့အချိန်တွေဟာ အရမ်းကို ရှားပါးခဲ့ပါတယ်။ “ ကျနော်နဲ့ ကောင်မလေးနဲ့က အတူရှိတဲ့အချိန်မရှိသလောက်ပဲ။ သူ့ကိုတစ်ယောက်တည်းအထီးကျန်စေခဲ့တယ်။ ဒီလိုတွေ ဖြစ်လာမယ်လို့လည်း မထင်ခဲ့ဘူး။  ဒါပေမဲ့ အခုတော့ သူမ ကျနော့်ကို တခြားဘယ်သူနဲ့မှ မရှိစေချင်ဘူးဆိုတာ သိလိုက်ပြီ ” လို့လည်းပြောခဲ့ပါတယ်။


Alex Lovell ဟာ ဂိမ်းအလွန်အကျွံကစားသူဖြစ်ပြီး တစ်နေ့ကို (၁၂)နာရီကနေ (၁၃)နာရီလောက်ထိကို ဂိမ်းဆော့ရင်းနဲ့ အချိန်ကုန်လေ့ ရှိပါတယ်။ ဒီလို တနေ့တနေ့ ဂိမ်းပဲဆော့နေတဲ့ သူ့ချစ်သူကို စိတ်ပျက်မိတယ်လို့လည်း Emily  ကပြောပါတယ်။ နောက်တော့ Alex ရဲ့ ဖုန်းထဲမှာ Tinder App(Dating App)ကို ရှာတွေ့ခဲ့ခြင်း၊ သူ့ခန္ဒာကိုယ်ပေါ်မှာ လက်သည်းခြစ်ရာတွေ တွေ့ရှိခြင်း၊ သူမဆံပင်အရောင်နဲ့ မတူတဲ့ ဆံပင်ချည်နီကြောင်ကြောင်တွေလည်း ရေချိုးခန်းထဲမှာတွေ့ခဲ့တာကြောင့် ချစ်သူအပေါ် သံသယဝင်ခဲ့တဲ့အကြောင်းကို Emily Javier  က ရဲတွေကို ထွက်ဆိုခဲ့ပါတယ်။


“ သူ့ရဲ့ ဖုန်းထဲမှာ Tinder (Dating app) လည်းရှိနေတယ်။ ပြီးတော့ သူ့ရဲ့ ကျောကုန်းမှာလည်း ကုတ်ရာခြစ်ရာတွေလည်း တွေ့တယ်။ ရေချိုးခန်းထဲက ရေပိုက်ခေါင်းထဲမှာလည်း မိန်းကလေးဆံပင်ချည်တွေ တွေ့တယ်” လို့ Emily က သူ့ရဲ့ ကောင်လေး ဖောက်ပြန်နေတယ်ဆိုတဲ့ ထင်ရှားတဲ့ သက်သေလက္ခဏာတွေကို ပြောပြသွားခဲ့ပါတယ်။


အခုတော့ Alex Lovell ကို ဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး ဒဏ်ရာသိပ်မပြင်းဘူးလို့လည်း သိရပါတယ်။ Emily Javier ကိုတော့ လက်နက်ကိုင်ဆောင်မှုနဲ့ တရားစွဲဆိုထားပြီး သူမအနေနဲ့ ဥပဒေအရအတိုင်း ပြစ်ဒဏ်ကို ခံရမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Source; kron4.com

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။