Comfort Zone ထဲကနေ ဘာလို့ရုန်းမထွက်နိုင်တာလဲ

Comfort Zone ဆိုတာကို မြင်အောင်ပြောရမယ်ဆိုရင် .. ဥပမာ စာဖတ်သူဟာ လူတစ်ယောက်မှ မရှိတော့ပဲ အသားစားဖုတ်ကောင်တွေနဲ့ပြည့်နေတဲ့ မြို့ပျက်တစ်ခုထဲ ပိတ်မိနေတယ်ဆိုကြပါစို့ … စာဖတ်သူ ပိတ်မိနေတဲ့ မြို့ကြီးရဲ့တစ်ဖက်မှာတော့ စစ်တပ်တွေ၊ ရိက္ခာတွေနဲ့လိုအပ်တဲ့ဆေးဝါးကအစ ထောက်ပံ့နိုင်တဲ့ Supply Base အကြီးကြီးတစ်ခုရှိမယ်။

စာဖတ်သူဟာ zombie တွေမလာနိုင်တဲ့ Safe Zone လေးတစ်ခုထဲမှာ နေနေမယ်။ အဲဒီအထဲမှာ သင်လိုအပ်တဲ့အစားအသောက်၊ ဆေးဝါး၊ ရေ နဲ့ တခြားတိုလီမိုလီတွေရှိနေမယ်။ ဆိုတော့ကာ သင့်အနေနဲ့အပြင်ထွက်တာထက်စာရင် ဒီနေရာလေးက လုံခြုံတာပေါ့။ ဒါပေမယ့် အထဲမှာရှိတဲ့ supply တွေက အတိုင်းအတာတစ်ခုထိပဲခံမှာလေ။ အဲ့ဒီတော့ သင့်အနေနဲ့အပြင်ထွက်ပြီး ဘေးကင်းရာနေရာကိုအရောက်သွားဖို့လိုလာပြီ။

ဒီနေရာမှာ Option နှစ်ခုရှိတယ်။ တစ်ခုက ဒီနေရာလေးမှာပဲ တွယ်ကပ်ပြီး ရိက္ခာတွေကုန်သွားတဲ့အထိနေ၊ နောက်ဆုံးအားပြတ်ပြီး အသေခံမလား ? နောက်တစ်ခုက အပြင်ထွက်၊ ကိုယ့်ရဲ့လွတ်မြောက်ရာကို ရှာဖွေမလား ဆိုတာ …
ဖြစ်နိုင်ခြေကိုတွက်ရအောင်။ သင့်အနေနဲ့ safe zone ထဲမှာနေရတာလက်ရှိတော့အဆင်ပြေနေမှာပဲ။ ဒါပေမယ့် နောက်ဆုံးအထဲက supply တွေကုန်သွားတဲ့အခါကျရင်တော့ သင့်အတွက် သေမယ့်လမ်းကပိုများသွားပြီ။ ဘယ်သူမှ အစာမရှိ၊ ရေမရှိပဲ တစ်နှစ်လောက်အသက်မရှင်နိုင်ဘူးလေ။ သင့်အတွက်သေဖို့က ၁၀၀ ရာခိုင်နှုန်းပိုများတယ်။

အပြင်ထွက်မယ့်လမ်းကိုစဉ်းစားမယ်။ အပြင်မှာ အန္တရာယ်များတယ်ဆိုတာမှန်တယ်။ ဒါပေမယ့် သင့်တစ်ကိုယ်စာလုံခြုံရေးအတွက် survival kits တွေယူသွားလို့ရမယ်။ ကိုယ့်ရဲ့စဉ်းစားဉာဏ်နဲ့ ဘေးအကင်းဆုံးလမ်းကို ရှာဖွေလို့ရတယ်။ နောက်ဆုံးကျဉ်းထဲကျပ်ထဲရောက်လာရင်တောင်မှ ပြန်လည်တိုက်ခိုက်ရင်းလွတ်မြောက်နိုင်သေးတယ်။ အန္တရာယ်တော့အရမ်းများတယ်။ စွန့်စားရမယ်။ ဒါပေမယ့် သင့်အတွက် အသက်ရှင်ဖို့နဲ့သေဖို့က ၅၀ ၅၀ ပဲ။ ကိုယ့်ရဲ့ဉာဏ်နဲ့skill ကိုအသုံးချရင် အသက်ရှင်ဖို့က ရာခိုင်နှုန်းပိုများလာမယ်။ အဲဒီကြားထဲ ကံ နဲ့ ဝီရိယလေးပါ ၁၀ ရာခိုင်နှုန်းလောက်ထပ်ပေါင်း .. ဒါဆို သင့်အတွက် Escape ကို မြင်နေရပြီပေါ့။

ဒါက မြင်သာအောင်ပြောတာပါ။ တကယ်တော့ Comfort zone ဆိုတာ သက်တောင့်သက်သာဖြစ်ပြီး အေးအေးဆေးဆေးနေလို့ရတဲ့နေရာလေးတစ်ခုပဲ။ သင့်အနေနဲ့ လုံခြုံတယ်။ ဘေးကင်းတယ်။ ဘာကိုမှပူစရာမလိုဘူး။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ သင်နေတဲ့ comfort zone ဟာ သင့်ကိုအလုံပိတ်ထားပြီး ဘာကိုမှမမြင်၊ မသိစေနိုင်တော့လောက်အောင် ဖြစ်စေတဲ့ ဥခွံတစ်လုံးဆိုတာကို ပိုပိုပြီးနားလည်လာလိမ့်မယ်။ အဲဒီအထဲမှာ နေရတာ သာယာလွန်းသွားတဲ့အခါ အပြင်မှာဘာတွေဖြစ်နေလဲ၊ ဘာတွေရှိသလဲဆိုတာကို သင်မသိချင်၊ မမြင်ချင်တော့ဘူး။ ဒီနေရာလေးက အကောင်းဆုံးပဲဆိုတဲ့ mindset တစ်ခုဝင်သွားလိမ့်မယ်။ အဲဒီအတွက် challenge ဆိုတာကြီးကို မလုပ်ချင်တော့ဘူး။ Challenge မလုပ်ချင်တော့တဲ့အတွက် အပြင်က အကောင်းဆုံးဆိုတဲ့အရာတွေ၊ ပိုပြီးသာယာတဲ့နေရာတွေကိုသွားရမယ့်အခွင့်အရေးတွေအကုန်လုံး သင်လက်လွှတ်လိုက်ရတယ်။

Comfort zone ဆိုတာ ကျွန်တော်တို့နေ့စဉ်ကျင်လည်နေတဲ့ ပတ်ဝန်းကျင်ထဲမှာလည်းရှိနေပါတယ်။ အကောင်းဆုံးဥပမာက အလုပ်ထဲမှာပေါ့။ သင်ဟာ လက်နှိပ်စက်စာရေးတစ်ယောက်ဆိုပါစို့။ တစ်နေ့တစ်နေ့ ဒီလက်နှိပ်စက်တွေ၊ စာရွက်တစ်ထပ်ကြီးတွေနဲ့ပဲ အလုပ်ရှုပ်နေတယ်။ ဒါက သင့်ဘဝဖြစ်ပြီး သင်ကျင်လည်နေရတဲ့ ဝန်းကျင်လည်းဖြစ်တယ်။ ဒါပေမယ့် တစ်ချိန်ချိန်သင်ဟာ လက်နှိပ်စက်ထိုင်ရိုက်နေရတဲ့အခြေအနေကနေ ကွန်ပျုတာတစ်လုံးသုံးရမယ့်အနေအထားရောက်လာတယ်ဆိုပါစို့။ သင့်အနေနဲ့ ဒီကွန်ပျုတာဆိုတာကြီးကိုမရင်းနှီးဘူး။ မရင်းနှီးတဲ့အတွက် မကိုင်ချင်ဘူး။ မှားမှာကြောက်တယ်။ ဒါကြီးကို ကိုင်ရမှာကြောက်တယ်။ မထိချင်ဘူး။ အဲ့တော့ သင်က လက်နှိပ်စက်လေးနဲ့ပဲဆက်ပြီးပျော်မွေ့တယ်။ အဲ့တော့ ကွန်ပျုတာကြီးကိုင်ရမယ့်အခွင့်အရေးကို နောက်တစ်ယောက်ကယူသွားမယ်။ ကွန်ပျုတာတစ်လုံးကနေ အင်တာနက်ကို ထိတွေ့ခွင့်ရမယ်။ အင်တာနက်ရဲ့ ကွန်ယက်တွေကနေတစ်ဆင့်ပိုပိုပြီးကောင်းမွန်တဲ့ အနေအထားတစ်ခုထိ သူရောက်သွားနိုင်မယ်။

Comfort zone ဆိုတာ အရမ်းကိုသာယာပြီးနေလို့ကောင်းတဲ့နေရာလေးပါ။ တစ်ချိန်တည်းမှာပဲ comfort zone ကနေ ကျွန်တော်တို့ကိုအပြင်မှာရှိနေတဲ့ ပိုမိုကောင်းမွန်တဲ့နေရာတွေမမြင်မတွေ့နိုင်အောင်လည်း ပိတ်ဆို့ထားတတ်တယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ဟာ ကိုယ့်ကိုကိုယ်ပြန်လည်ဆန်းစစ်ဖို့လိုတယ်။ ငါဟာ ဒီမှာနေရင်း ဘာတွေလုပ်နေရလဲ .. ငါလုပ်နေရတဲ့အရာတွေက ငါ့အတွေ့အကြုံ၊ ငါကအသက်အရွယ်အတွက် လွယ်ကူလွန်းအားကြီးနေသလား .. ငါဟာ တစ်လတစ်လ ဘာမှမလုပ်ပဲ ပိုက်ဆံထိုင်ယူဖို့အတွက်ဒီမှာရှိနေတာလား .. ငါ့အတွက်ဒီနေရာကနေ ဘာတွေရလဲ .. ဘာတွေပေးလဲ ဆိုတာကို ဆန်းစစ်ဖို့လိုပါတယ်။

ဝမ်းနည်းစရာကောင်းတာက လူတစ်ယောက် ( ကျွန်တော်အပါအဝင် ) ဟာ comfort zone တစ်ခုထဲရောက်သွားပြီးရင် ပြန်မထွက်ချင်တော့ဘူး။ ဒီမှာနေရတာ အရမ်းနွေးထွေးပြီးသက်တောင့်သက်သာရှိသလို အရမ်းလည်းအန္တရာယ်ကင်းတယ်။ အဲ့ဒီတော့ အချိန်ကြာလာလေ .. ကျွန်တော်တို့ဟာ ဘာကိုမှမမြင်နိုင်တော့လေဖြစ်လာတယ်။ အမှောင်ထဲမှာအနေကြာတဲ့လူတစ်ယောက်ဟာ အလင်းထဲထွက်ဖို့ကြောက်သလိုပဲပေါ့။

ကျွန်တော်တို့ဟာ ပိုပိုပြီးလိုချင်တယ်။ ဒါပေမယ့် သွားမယူချင်ဘူး။ အိပ်ယာထဲမှာပဲနေပြီး ပိုက်ဆံလာပေးမယ့်သူကိုထိုင်စောင့်နေလို့တော့မရပါဘူး။ တံခါးဖွင့်၊ အပြင်ထွက်ပြီး အရာရာကိုရင်ဆိုင်မှရမှာပါ။ ကျရှုံးလဲ ခဏပေါ့။ သင်က ပြန်ထလို့မရတဲ့သူမှမဟုတ်ပဲ။

Comfort zone ထဲကနေထွက်ပြီး အပြင်ရောက်မှ ဒီထက်ပိုဆိုးနေပါ့မယ်။ သေချင်တဲ့ကျားတောပြောင်း ဆိုသလိုဖြစ်နေမယ်ဆိုရင် တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့စကားကိုလည်း မေ့ထားလို့မရဘူးပေါ့။
ကျွန်တော်တို့လုပ်နိုင်ပါတယ်။ comfort zone ဆိုတဲ့နေရာလေးထဲကနေ ရုန်းထွက်နိုင်ဖို့ပဲလိုတာပါ။

Editor






we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။