ကြက်ဥအကာရဲ့ အံသြဖွယ်ရာ အစွမ်းတွေ

ကြက်ဥဆိုတာ ဝယ်ဝယ်ကူကူဝယ်လို့ရသလို ဈေးလည်းမကြီးပါဘူး။ ၎င်းကြက်ဥထဲကမှ ကြက်ဥအကာဟာ အသားဓာတ်များစွာ ပါဝင်ပြီး ကိုလ်လက်စထရောလ်မပါဝင်ဘဲ အဆီဓာတ်အနည်းငယ်သာပါရှိခြင်းကြောင့် ကျန်းမာရေးလိုက်စားသူတွေအနေနဲ့ မှီဝဲသင့်ပါတယ်။ ကြက်ဥအကာမှာ အာဟာရဓာတ်မြင့်မားစွာပါဝင်တာကြောင့် ဆံပင်နဲ့ ဦးအရေပြားကို ကျန်းမာသန်စွမ်းစေပါတယ်။ နောက်ထပ် ဘာတွေ ကောင်းကျိုးပြုပြီး ဘယ်လို အလှပရေးရာတွေမှာ အသုံးဝင်သေးလည်းဆိုတာ ဆက်လေ့လာကြည့်ပါဦး …..


၁။ အရေးအကြောင်းများကိုဖယ်ရှားခြင်း


ကြက်ဥအကာကို အမြှုပ်များထလာတဲ့အထိ ခေါက်ပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။ ခဏအကြာ မိမိမျက်နှာတင်းတင်းလေးဖြစ်လာမှ ရေနွေးနွေးလေးနဲ့ မျက်နှာကို ပြန်သစ်ပါ။ တစ်ပတ်ကို (၂)သို့ (၃)ခါလောက် လုပ်ပေးခြင်းဖြင့် သိသိသာသာ အရေးအကြောင်းတွေ လျော့လာပါလိမ့်မယ်။


၂။ ချွေးပေါက်များကို ကျဉ်းစေခြင်း  


ချွေးပေါက်ကျယ်ခြင်းဟာ လူတစ်ယောက်ရဲ့ အလှအပကို ပျက်စီးစေပါတယ်။ ဒါကို သက်သာအောင်လို့ ဘယ်လိုလုပ်မလဲ။ အရင်ဆုံး ကြက်ဥအကာကို အမြှုပ်ထအောင် ပြုလုပ်ပြီး ချွေးပေါက်ကျယ်တဲ့နေရာ (အထူးသဖြင့် နှာခေါင်းတဝိုက်)ကို လိမ်းပေးပါ။ (၁၀)မိနစ်လောက် ထားပြီးတဲ့နောက် ရေနွေးနွေးနဲ့ ဆေးချပါ။ နောက်မှ ရေအေးလေးနဲ့ ပြန်ဆေးပါ။

၃။ အဆီစုပ်ပေးခြင်း


မျက်နှာအဆီပြန်ရင် ကြည့်ရဆိုးရုံတင်မကဘူး ဝက်ခြံကိုလည်း ဖြစ်စေပါတယ်။ ဒါဆို အဆီပြန်တာကို လျော့ချနိုင်ဖို့အတွက် ဂျုံမှုန့်အကြမ်းနဲ့ ကြက်ဥအကာကို ရောပြီး မျက်နှာပေါင်းတင်ပါ။ မိနစ်အနည်းငယ်ကြာပြီးနောက် ရေအေးဖြင့် မျက်နှာသစ်ပါ။ ဒါဆိုရင်တော့ သင်ဟာ အဆီမပြန်တဲ့မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

၄။ မျက်နှာပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပေးခြင်း


မျက်နှာလေး ကြည်ကြည်လင်လင်ရှိစေဖို့ဆိုရင် မျက်နှာပေါ်က ဆဲလ်အသေတွေကို အရင်ဆုံးဖယ်ရှားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မပူပါနဲ့ ကြက်ဥအကာက မျက်နှာချွတ်ဆေးအနေနဲ့လည်း အသုံးပြုလို့ရပါတယ်။ အရင်ဆုံး ကြက်ဥအကာကို ဂျုံမှုန့်အကြမ်း၊ ပျားရည် အနည်းငယ်တို့ဖြင့် ရောပြီး သမအောင်မွှေပါ။ ရလာတဲ့ အနှစ်ကို မျက်နှာပေါ်မှာ စက်ဝိုင်းသဏ္ဍာန် ညင်သာစွာ လိမ်းကျံပေးပါ။ မိနစ်အနည်းငယ်ကြာရင် ရေနွေးနွေးလေးနဲ့ ညင်ညင်သာသာ ပြန်ဆေးပေးပါ။ တစ်ပတ်ကို (၁)ကြိမ်မှ (၂)ကြိမ် ပြုလုပ်နိုင်ပါတယ်။

၅။ ဝက်ခြံများကို လျှင်မြန်စွာပျောက်ကင်းစေခြင်း


ကြက်ဥအကာမှာပါဝင်တဲ့ အသားဓာတ်ဟာ ရောင်ရမ်းခြင်းကိုသက်သာစေတဲ့အပြင် အနာကျက်နှုန်းကိုလည်းမြန်စေပါတယ်။ ညအိပ်ယာမဝင်ခင်မှာ ကြက်ဥအကာကိုယူ၍ ဝက်ခြံပေါ်မှာ တို့ထားပြီးနောက် မနက်မိုးလင်းမှ ရေဖြင့်ဆေးချပါ။ ဝက်ခြံနဲ့ ပတ်သက်ရင် ကြက်ဥအကာဟာ ကုန်ကျမှုနည်းနည်းဖြင့် အထိရောက်ဆုံးဆေးတစ်လက်ဖြစ်ပါတယ်။

၆။ ပျက်စီးနေသော ဆံပင်များအားကောင်းမွန်စေခြင်း


အရိုးရှင်းဆုံးနဲ့ အသက်သာဆုံးနည်းလမ်းကတော့ ကြက်ဥအကာကို ဦးရေပြားနဲ့ ဆံပင်အရင်းနေရာတွေမှာ လိမ်းပေးခြင်းဖြင့် နဂိုဆံသားကို ပြန်လည်ပိုင်ဆိုင်နိုင်ပါတယ်။ မိနစ်(၂၀)လောက်ထားပြီးမှ ခေါင်းလျှော်ရည်ဖြင့် ခေါင်းပြန် လျှော်ပေးပါ။

၇။ Conditioner အနေနဲ့ရော


ဆံပင်ကို ပုံမှန်ပေါင်းတင်ပေးခြင်းအားဖြင့် တောက်ပြောင်လှပသော ဆံသားများကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ပထမဦးဆုံး ဆံပင်အတို၊ အရှည်ပေါ်မူတည်၍ ကြက်ဥအကာအနည်းငယ်ကိုယူပါ။ ဒိန်ချဉ်နဲ့ သံလွင်ဆီကို လက်ဖက်စားဇွန်း(၁)ဇွန်းဆီ ထည့်ပြီး ရောနှောအောင်မွှေပါ။ မွှေလို့ပြီးသွားရင်တော့ ဦးရေပြားကိုလိမ်းပေးပါ။ အချိန်ခဏအကြာထားပြီးရင် ခေါင်းလျှော်ရည်ဖြင့် ခေါင်းပြန် လျှော်ပေးပါ။



စာဖတ်လိုက်ရုံလေးမဟုတ်ဘဲ တကယ်လက်တွေ့စမ်းသပ်ခြင်းဖြင့် စစ်မှန်တဲ့ အလှအပကို ပိုင်ဆိုင်နိုင်ပါစေ ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။