ကျိုက်ထီးရိုးရင်ပြင်ပေါ်မှာ ခါးပိုက်နှိုက်သူ အယောက်(၂၀)ဖမ်းမိ

ဒီဇင်ဘာလရဲ့  ပိတ်ရက်(၄)ရက်အတွင်းမှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကို ဘုရားဖူးတွေ သိန်းချီလာရောက်ခဲ့ကြပြီး ခါးပိုက်နှိုက် အယောက် (၂၀) ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့ထံက သိရပါတယ်။ အဆိုပါ ပိတ်ရက်အတွင်း ဘုရားရင်ပြင်တော်မှာ လူတွေအရမ်းကို ပြည့်ကြပ်နေခဲ့တဲ့အပြင် တောင်အတက်အဆင်းလမ်းတွေမှာလည်း ကားတွေ လမ်းပိတ်ဆို့မှု ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ဂေါပကအဖွဲ့ဝင်တစ်ဦးက “ မနက် (၅)နာရီလောက်ကတည်းက အဆင်းသမားတွေကို ဦးစားပေး ဆင်းလိုက်တော့ အဆင်းနဲ့ အတက် မျှသွားပြီ။ မနေ့ကဆိုရင် မနက် (၁၀)နာရီလောက်ကတည်းက လမ်းစပိတ်တယ်။ လမ်းပိတ်တော့ အပေါ်တက်မယ့် ကားတွေကို ကင်းမွန်းစခန်းမှာ (၁)နာရီနီးပါးလောက် ရပ်ခိုင်းခဲ့ရတယ်။ အတက်သမားနည်းမှ အဆင်းသမား အဆင်ပြေသွားတယ်။ လူကလည်း အရမ်းများခဲ့တာကိုး။ ကျိုက်ထီးရိုးဘုရားသမိုင်းမှာ မနေ့ကလို တောင်တက်တဲ့လူတွေ မကြုံဖူးဘူးလေ။ မနေ့ကဆိုရင် ဘုရားဖူးတွေ (၁)ရက်တည်းကို (၃)သိန်းကျော်လောက်လာတယ် ” လို့ပြောပါတယ်။


နောက်ထပ်လည်း  “ ခါးပိုက်နှိုက်တွေက ပေါတော့ ဝန်ထမ်းအင်အားမလုံလောက်ဘူး။ အဲ့ဒီအတွက် ဘုရားဖူးတွေ သတိထားသွားလာကြဖို့ အသိပေးထားတယ်။ တည်းခိုဖို့ကတော့ အခမဲ့အဆောင်တွေ အကုန်ပြည့်နေတာပဲ။ ဘုရားဖူးတွေရဲ့ ကျန်းမာရေးအခြေအနေအတွက်လည်း အပေါ်မှာ ဆေးခန်းရှိတယ်။ ဆေးခန်းနဲ့မရရင် မြို့မဆေးရုံတွေဆီကို အရေးပေါ်ယာဉ်တွေနဲ့ ပို့ပေးတယ် ” လို့ ပြောပါသေးတယ်။


ဘုရားဖူးတွေများနေတာနဲ့အမျှ ခါးပိုက်နှိုက်တွေလည်း ပေါများလာတယ်။  ခါးပိုက်နှိုက်အများစုဟာ ရန်ကုန်နဲ့ တခြားနယ်ခံတွေဖြစ်တယ်လို့ သိရပါတယ်။ ကျိုက်ထီးရိုးရင်ပြင်မှာ ခါးပိုက်နှိုက်ခံရသူ တစ်ဦးမှလည်း  “ ကျိုက်ထီးရိုးဘုရားပေါ်မှာ လူတွေက အရမ်းများတော့ ဖုန်း(၁)လုံး၊ ပိုက်ဆံ(၈)သောင်း ခါးပိုက်နှိုက်ခံထိတယ်။ ပိုက်ဆံအိတ်ထဲမှာ အိမ်စာချုပ်တွေတော့ ရှိတယ်။ ပိုက်ဆံနဲ့ ဖုန်းနဲ့ပဲ ပါသွားတယ်။ ဘာမှ မသိလိုက်ရဘူး။ တချို့က တို့ဆေးနဲ့ တို့တာတွေရှိတယ်လို့လည်းပြောတယ် ” လို့ပြောပါတယ်။


ကျိုက်ထီးရိုးဘုရားပွဲတော်ကို သီတင်းကျွတ်ကာလဖြစ်တဲ့ အောက်တိုဘာလမှ စဖွင့်လှစ်ပေးခဲ့ပြီး ဒီဇင်ဘာလမှာတော့ နှစ်စဉ်နှစ်တိုင်း ဘုရားဖူးတွေနဲ့ စည်ကားလေ့ရှိပေမယ့် အခုနှစ် ဒီဇင်ဘာလဟာ ကျိုက်ထီးရိုးဘုရားသမိုင်းမှာ ဘုရားဖူးအများဆုံးဖြစ်တယ်လို့ကျိုက်ထီးရိုး ဂေါပကအဖွဲ့က ပြောပါတယ်။
Photo Crd;

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။