ချစ်သူနှစ်ဦး ချိန်းတွေ့စဉ် ဖုန်းပဲသုံးနေလို့ စိတ်ဆိုးပြီး ကောင်မလေးရဲ့ တုန့်ပြန်မှု

ချစ်သူစုံတွဲတွေ ရေရှည်လက်တွဲနိုင်ဖို့အတွက် နားလည်မှုက အများကြီးအရေးပါလှပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုမရှိရင် အချိန်တိုလေးအတွင်းနဲ့ ဇာတ်လမ်းတွေ ရပ်စဲနိုင်ပါတယ်။ချစ်သူအနားမှာရှိနေစဉ်  ကိုယ့်ချစ်သူကို ပျော်အောင်၊ စိတ်ချမ်းသာအောင် မထားနိုင်ရင်လည်း ဘယ်လိုမှကို သာယာတဲ့ ချစ်လမ်းခရီးမဖြစ်နိုင်ပါဘူး။ အခုလည်း တရုတ်နိုင်ငံ Chogqing က နာမည်ကြီး စားသောက်ဆိုင် တစ်ဆိုင်မှာ ချစ်သူစုံတွဲ တစ်တွဲဟာ ချိန်းတွေ့နေစဉ် ကောင်မလေးဖြစ်သူက ဒေါသဖြစ် ပေါက်ကွဲကာ ပြဿနာတက်မှုက တရုတ်နိုင်ငံ လူမှုကွန်ယက်တွေပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။


ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆိုင်ရဲ့ ဝိတ်တာတွေရဲ့ ပြောကြားချက်တွေအရတော့ အနေဝေးလို့ တကူးတက ချိန်းတွေ့တဲ့အချိန်မှာ ကောင်လေး ဖြစ်သူက အတူထိုင်နေတဲ့ ချစ်သူကောင်မလေးကို ဂရုမစိုက်ဘဲ ဖုန်းကိုသာ သဲကြီးမဲကြီးသုံးနေခဲ့ပါတယ်။

သိပ်မကြာခင်မှာဘဲ ကောင်မလေး ဖြစ်သူက ဒေါသထွက်ကာ ချက်ချင်းထပြီး ကောင်လေးရဲ့ ဖုန်းကို လုယူခဲ့ပါတယ်။


အဲ့နောက်မှာ ကောင်လေးရဲ့ ဖုန်းကို စားပွဲဝိုင်းထဲက ပွက်ပွက်ဆူနေတဲ့ ဟင်းရည်အိုးထဲက ပစ်ထည့်လိုက်ပါတယ်။ ဘေးပတ်ဝန်းကျင်တောင် ဂရုမစိုက်နိုင်ဘဲ ဒေါသထွက်နေတဲ့ ကောင်မလေးဟာ ကောင်လေးကို ပြောဆိုပြီး စိတ်ဆိုးကာ ထထွက်သွားခဲ့ပါတယ်။ ဒါပေမယ့် ကောင်လေးဟာ ချစ်သူကို လိုက်မချော့အားဘဲ သူ့ဖုန်းလေး ပျက်သွားမှာကို စိုးရိမ်နေခဲ့ပြီး ဟင်းရည်အိုးထဲက ဖုန်းကို ပြန်ဆယ်ယူကာ အလျင်စလို ဖုန်းကို သုတ်နေခဲ့ပါတယ်။


ဘေးဝိုင်းက စားသောက်သူတွေနဲ့ ဆိုင်မှ ဝိတ်တာလေးတွေကလည်း ဟင်းရည်အိုးထဲက ဖုန်းကို တူနဲ့ ညှပ်ပြီး ကောက်ယူပေးခဲ့ပါ သေးတယ်။ ဖုန်းကတော့ ပျက်သွားပုံပါဘဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်တွေပေါ်မှာ ဝေဖန်မှု၊ ဆဲဆိုမှုတွေ ရှိခဲ့ပါတယ်။

ချစ်သူအနားမှာရှိနေချိန်မှာ ကိုယ့်ချစ်သူကို ဂရုစိုက်ပြီး ပျော်ပျော်ရွှင်ရွှင်မနေဘဲ ဖုန်းကိုသာ သုံးနေခြင်းဟာ ရိုင်းတယ်လို့ ပြောခဲ့ကြသလို တချို့တွေက အသစ်တွေ့လို့ အဟောင်းမေ့နေတာလို့လည်း ဝေဖန်ခဲ့ကြပါတယ်။ အဲ့တော့ ကိုယ့်ချစ်သူ အနားမှာရှိနေချိန်မှာ ကျန်တာတွေကို ဘေးဖယ်ထားပြီး ကိုယ့်ကောင်မလေးကိုသာ ဂရုစိုက်ပြီး ပျော်ပျော်ရွှင်ရွှင်နေနိုင်မယ်ဆိုရင် သာယာလှတဲ့ ချစ်လမ်းခရီးလေးတစ်ခုကို ဖြစ်စေမှာပါ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။