ငွေပြန်မပေးလို့ ကြောင်ပေါက်လေးကို အဆက်မပြတ်ရိုက်သတ်ခဲ့တဲ့ အမျိုးသား

တိရစ္ဆာန်ဆိုတာ ကိုယ်က လုပ်ရင် သူက ခံရမှာဆိုတာ သိသိကြီးနဲ့ မညှာမတာ ရိုက်နှက်တာကြီးကတော့ လွန်လွန်းလှပါတယ်။ ကိုယ့်ကို အမှီသဟဲပြုပြီး နေထိုင်ရတဲ့ သူတို့ ဘဝလေးတွေကို ကြင်ကြင်နာနာနဲ့ ဂရုတစိုက်မွေးပေးရင် ကိုယ်လဲ ကုသိုလ်ရတယ်။ သူတို့လည်း အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နေတာပေ့ါ။ ဒီလိုမှမဟုတ်ဘဲ ခံစားတတ်တဲ့ နှလုံးသားမရှိတဲ့လူ၊ ကိုယ်ချင်းစာနာစိတ်မရှိတဲ့ လူတွေ လက်ထဲမှာဆိုရင်တော့ တိရစ္ဆာန်လေးတွေ ဘယ်လိုနေထိုင်ကြရမလဲဆိုတာ တွေးကြည့်တာနဲ့ စိတ်ညစ်စရာပါ။


အခုလည်း တရုတ်နိုင်ငံ Nanjing မှာနေထိုင်တဲ့ Zhang ဆိုတဲ့အမျိုးသားတစ်ဦးဟာ သူ့ရဲ့ ချစ်သူကောင်မလေးကို လက်ဆောင်ပေးဖို့ဆိုပြီး ချစ်စရာကြောင်ပေါက်လေးတစ်ကောင်ဝယ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ရက်အနည်းငယ်ကြာတော့ သူ့ချစ်သူ ကောင်မလေးက  Zhang  ကို ကြောင်ပေါက်လေး ပြန်လာပေးခဲ့ပါတယ်။ ကောင်မလေးက ကြောင်ပေါက်လေးကို သူမ မစောင့်ရှောက်တတ်ကြောင်း၊ ဒီရက်ပိုင်းအတွင်း ကြောင်လေးက နေမကောင်းဖြစ်ပြီး ဘာမှမစားနိုင်ကြောင်း၊ ကြောင်လေး သက်သာအောင် ဘာလုပ်ပေးရမလဲ မသိကြောင်း ပြောပြီး ပြန်ပေးသွားခဲ့ပါတယ်။


အဲ့နောက်မှာ Zhang ဟာ ကြောင်ပေါက်လေးကို ပြန်ယူလာပြီး ဝယ်လာခဲ့တဲ့ ဆိုင်ကို ပြန်သွားကာ “ ကြောင်လေးကို ကြည့်ပေးပါလား။ ကျနော်လည်း သိပ်နားမလည်လို့ နေကောင်းသွားတဲ့အခါကျမှ ပြန်လာခေါ်မယ်ဆိုပြီး ” ထားခဲ့ဖို့ပြောတဲ့အခါ ဆိုင်ရှင်က အားနာနာနဲ့ လက်ခံထားလိုက်ပါတယ်။


ဒီလိုနဲ့ (၂)ပတ်လောက်အကြာမှာ Zhang ပြန်ရောက်လာပြီး ကြောင်ပေါက်လေးကို မမွေးနိုင်တော့ကြောင်း၊ အချိန်မပေးနိုင်တော့ကြောင်း ဆိုင်ရှင်ကို ပြောပြပြီး ကြောင်ပေါက်လေးဝယ်တုန်းက ပိုက်ဆံကို ပြန်ပေးဖို့ တောင်းဆိုပါတယ်။ အဲ့အချိန်မှာ ဆိုင်ရှင်က “ နေမကောင်းဘူးဆိုလို့ ပြန်လာပေးတာကို လက်ခံပြုစုပေးထားတာတောင် တော်တော်များနေပြီ။ မွေးဖို့အချိန်မရှိရင် မမွေးနဲ့ပေါ့။ ပိုက်ဆံတော့ ပြန်မပေးနိုင်ဘူး ” လို့ ဆိုင်ရှင်က ပြောပါတယ်။


ဆိုင်ရှင်ရဲ့ စကားကိုကြားတော့ Zhang ဟာ “ ကျနော့်ကို အဲ့ကြောင်ပြန်ပေးဗျာ။ ပြီးပြတ်သွားအောင် စာရင်းရှင်းပေးမယ်လို့ ” ပြောပါတယ်။ ဆိုင်ရှင်ကလည်း သူကြောင်ပေါက်လေးကို ပြန်မွေးစားမယ်ထင်ပြီး ပြန်ပေးလိုက်ပါတယ်။ Zhang ဟာ လက်ထဲကို ကြောင်ပေါက်လေးလည်း ရောက်သွားရော ဆိုင်အပြင်ကို ခေါ်သွားပြီး ကြောင်လေးကို အိတ်ထဲထည့်ကာ ရိုက်ပါတော့တယ်။ ကြောင်ပေါက်လေးက အခုမှ နလန်ထူကာစလေးပဲရှိသေးတယ် ယောကျ်ားတစ်ယောက်ရဲ့ အားနဲ့ရိုက်တော့ လှုပ်တောင်မလှုပ်နိုင်တော့ဘဲ သေသွားခဲ့ပါတယ်။


လုံးဝကို လက်မခံနိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် ဆိုင်မှ ဝန်ထမ်းတွေ ဝိုင်းဆွဲတဲ့အချိန်မှာ ကြောင်လေးဟာ ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားပြီး သေဆုံးလျှက်ဖြစ်နေပါတယ်။ ချက်ချင်းဘဲ ဆိုင်ရှင်က ရဲကို ဖုန်းဆက်အကြောင်းကြားလိုက်တဲ့အချိန်မှာ Zhang ဟာ ထွက်ပြေးသွားခဲ့ပါတယ်။ ဒီသတင်းဟာ တရုတ်နိုင်ငံရဲ့ ဆိုရှယ်မီဒီယာမှာ အတော်လေးကို ပျံ့နှံ့သွားခဲ့ပြီး တိရစ္ဆာန်ချစ်သူတွေအကြားမှာ ဝမ်းနည်းစရာတွေ ဖြစ်စေခဲ့ပါတယ်။ လူတွေ အားလုံးကလည်း Zhang ကို ရဲတွေ အမြန်ဆုံးဖမ်းမိပြီး ကြီးကြီးမားမား ပြစ်ဒဏ်ပေးဖို့ အတွက် မျှော်လင့်နေကြပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။