မြို့မှာ ကျောင်းသွားတတ်နေတဲ့ သားကိုတွေ့နိုင်ဖို့ တောလမ်းကို ကိုယ်တိုင်ဖောက်ခဲ့တဲ့ ဖခင်

အဖေရဲ့ မေတ္တာ၊ အမေရဲ့ မေတ္တာက စာဖွဲ့လို့မမှီနိုင်လောက်အောင်ကို ကြီးမားမြင့်မြတ်လှပါတယ်။ ကိုယ့်ရဲ့ အရင်းအနှီးဆုံးလူ၊ အနစ်နာခံဆုံးလူ၊ ဆိုးဗွေကောင်းဗွေခံရဆုံးလူ၊ ကြီးမားလှတဲ့ မေတ္တာ၊ သံယောဇဉ်ရှိဆုံးလူကို ပြပါဆိုရင် အဖေနဲ့ အမေဆိုတာ ငြင်းလို့ကိုမရပါဘူး။ ဒါကြောင့် မိခင်ဖြစ်သူက ရင်ခွင်တစ်ခုဆိုရင် ဖခင်ဖြစ်သူက အုတ်တံတိုင်းကြီးတစ်ခုပေါ့။ မိဘတွေဟာ သားသမီးတွေကို ငယ်စဉ်ကလေးဘဝတည်းက လူ့လောကနေထိုင်မှု၊ ပြောဆိုမှုစတဲ့ အကြောင်းအရာတွေ အမြောက်အများကို သင်ကြားပေးတဲ့အပြင် သားသမီးတွေရဲ့ ဘဝအောင်မြင်မှု အတွက်လည်း သူတို့ရဲ့ ခွန်အားရှိသမျှကို စိုက်ထုတ်ကာ အကောင်းဆုံး ကူညီပံ့ပိုးခဲ့တဲ့သူတွေပါ။


အခုလည်း  အိန္ဒိယနိုင်ငံက  (၄၅)နှစ်အရွယ် Jalandhar Nayak ဆိုတဲ့ အမျိုးသားတစ်ဦးဟာ အိမ်နဲ့ ကျောင်း ဝေးကွာလွန်းစွာ ကျောင်းတတ်နေရတဲ့ သူ့ရဲ့ ကလေးတွေကို မကြာခဏရွာကို အလည်လာနိုင်အောင် သံတူရွင်းနဲ့ ပေါက်ချွန်းကို အသုံးပြုပြီး (၅)မိုင်ကျော်ရှိခဲ့ တောလမ်းကို ကိုယ်တိုင် ဖောက်ခဲ့ပါတယ်။


Nayak ရဲ့ ကလေးတွေဟာ သူတို့ ကျောင်းသွားတတ်ရတဲ့ ကျောင်းနဲ့ နေထိုင်တဲ့ ရွာနဲ့က  (၆)မိုင်လောက်ကွာဝေးတာကြောင့် ရွာသို့တစ်ခေါက်ပြန်လာမနေတော့ဘဲ စာသင်တဲ့ မြို့မှာသာ နေထိုင်ကြပါတယ်။ တကယ်လို့ ကလေးတွေက အိမ်ကိုပြန်လာချင်ရင် တောင်ကုန်း (၅)ခုကို ဖြတ်ရပြီး (၃)နာရီကျော်ကြာအောင် ခရီးနှင်ရပါတယ်။


တနေ့တော့ Nayak ဟာ သူ့ကလေးတွေ ရွာကို မကြာခဏလာလို့ရအောင်ဆိုပြီး လွန်ခဲ့တဲ့ (၂)နှစ်ကစပြီး နံနက်တိုင်း ပစ္စည်းကိရိယာတွေ သုံးကာ ကျောက်တုံးတွေ၊ ကျောက်ဆောင်တွေကို ဖယ်ရှားပြီး တနေ့ကို (၈)နာရီကြာအောင် လမ်းဖောက်ခဲ့ပါတယ်။


Nayak ရဲ့ သတင်းဟာ အိန္ဒိယနိုင်ငံမှာ အတော်လေးပျံ့နှံ့သွားခဲ့ပြီး အာဏာပိုင်တွေသိသွားခဲ့အခါမှာ ကျန်နေသေးတဲ့ လမ်းတွေကို ဆက်ဖောက်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် Nayak  ရဲ့ ထူးခြားတဲ့ အားထုတ်ခဲ့မှုကြောင့် ကားတွေတောင် ဖြတ်သန်းသွားလာနိုင်မှာ ဖြစ်ပြီး အစိုးရကလည်း Nayak ကို လုပ်အားခပေးဦးမှာဖြစ်ကြောင်းလည်း သိရပါတယ်။ ဒီလမ်းသာ တကယ်ပြီးသွားခဲ့ရင် Nayak နေထိုင်တဲ့ရွာနဲ့ သူ့သားတွေ စာသွားသင်ကြားရတဲ့ မြို့နဲ့က အတော်လေးကို နီးသွားမှာ ဖြစ်ပါတယ်။


ကိုယ်တိုင် ကျောင်းမတက်ခဲ့ရဘဲ ကျပန်းအလုပ်သာ လုပ်ခဲ့ရတဲ့ Nayak ဟာ သားဖြစ်သူတွေကိုတော့ ပညာတတ်ကြီးစေဖြစ်ချင်တဲ့ သူ့ဆန္ဒက ပြင်းပြလှပါတယ်။ Nayak က “ ကလေးတွေ ကျောင်းတတ်ရတဲ့ မြို့နဲ့ ဒီရွာနဲ့က အတော်လေးကို ဝေးတယ်လေ။ ပြီးတော့ လမ်းက ကျဉ်းမြောင်းပြီး ကျောက်တုံးတွေ၊ ကျောက်ဆောင်တွေ ထူထပ်တဲ့လမ်းဖြစ်တဲ့အပြင် သူတို့လည်း ခက်ခဲစွာ ဖြတ်သန်းရတာကြောင့် လမ်းဖောက်ဖို့ စိတ်ကူးရခဲ့တာလို့ ” ပြောပြပါတယ်။


ဒီလမ်းသာ ပြီးသွားခဲ့ရင် ကလေးတွေဟာ မကြာခဏတွေ့ရတော့မှာဖြစ်တဲ့အပြင် ရွာသူရွာသားတွေလည်း လွယ်ကူစွာ သွားလာနိုင်တော့မှာ ဖြစ်တဲ့အတွက် Nayak ဟာ အရမ်းကို ပျော်ရွှင်နေပါတယ်။


အခုတော့ Nayak ဟာ ရွာရဲ့ အချစ်တော်ကြီးလိုတောင် ဖြစ်နေပါပြီ။ ဘာလို့လဲဆိုတော့ Nayak က သူ့ရွာမှာမရှိသေးတဲ့ လျှပ်စစ်မီးနဲ့ သောက်သုံးရေ ရရှိနိုင်ရန် အစိုးရကို အကူအညီတောင်းထားလို့ပါ။ အရမ်းကို ချီးကျူးဖို့ ကောင်းတာတစ်ခုကတော့ Nayak ဟာ လမ်းဖောက်ခဲ့စဉ်တုန်းက သစ်ပင်တစ်ပင်မှာကို မခုတ်ခဲ့ကြောင်း Nayak ကို အင်တာဗျူးခဲ့တဲ့ သတင်းထောက်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Video ကြည့်ရန် ..........

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။