(၁၂)နှစ်သမီးအရွယ်တုန်းက ခိုးခဲ့မိတဲ့ ဆပ်ပြာတစ်တုံးအတွက် ဆပ်ပြာအတုံး(၁၀၀)ပြန်ပေးခဲ့တဲ့သူ

ငယ်ရွယ်စဉ်ကလေးဘဝတုန်းက သူများပစ္စည်းဥစ္စာ၊ သူများပိုက်ဆံ၊ သူများ တန်ဖိုးထားတဲ့အရာကို ပိုင်ရှင် မသိအောင် ခိုးယူဖူးကြလားဗျ။ တကယ်လို့ ကိုယ်က လုပ်ဖူးခဲ့တယ်ဆိုရင် ကိုယ်အဆင်ပြေတဲ့အချိန်မှာ ပိုင်ရှင်ဆီကိုသွားကာ ဝန်ချတောင်းပန်ပြီး ကိုယ်မသိတတ်အရွယ်က လုပ်ခဲ့တဲ့အမှားနဲ့ ကိုယ်ဘာကြောင့်လိုချင်ခဲ့လိုဆိုတာကို ရှင်းပြပြီး တောင်းပန်လိုက်မယ်ရင် ပိုင်ရှင်ဖြစ်တဲ့သူလည်း တကယ့်ကို အတိုင်းမသိ ဝမ်းသာမိမှာပါ။ ဘာလို့လဲဆိုတော့ သူ့အတွက်က ကြာခဲ့ပြီ အခုချိန်မှာလည်း သူ့အတွက်အရေးမကြီးတော့ဘူး ဒါပေမယ့် ကိုယ့်ဆီလာပြီး အပြစ်ဝန်ခံကာ ကျေနပ်အောင် တောင်းပန်တဲ့အတွက် သူလည်း ဝမ်းသာ ကိုယ်လည်း စိတ်သက်သာရတာပေါ့။ ဒါ့အပြင် သံသရာ အကြွေးလည်း မပါတော့ဘူးပေါ့။ ပြီးတော့ ဒါကရှက်စရာမဟုတ်ပါဘူး ဂုဏ်ယူစရာတစ်ခုပါ။


အခုလည်း တရုတ်နိုင်ငံ၊ Yichuan ပြည်နယ်မှာ နေထိုင်တဲ့ အသက် (၃ဝ)အရွယ် အမျိုးသမီးတစ်ဦးဟာ သူမ ငယ်ရွယ်စဉ် (၁၂)နှစ် သမီးတုန်းက အရမ်းကို လိုအပ်နေလို့ ခိုးယူမိခဲ့တဲ့ ဆပ်ပြာ(၁)တုံးအကြွေးကို ပြန်ပေးဆပ်ခြင်တဲ့အတွက် ဆပ်ပြာတုံး (၁ဝဝ)ကို ခိုးယူခဲ့တဲ့ ဆိုင်ရှင်ထံ ပြန်လာပေးခဲ့ပါတယ်။


သူမရဲ့ နာမည်ကိုတော့ Qu လို့သာသိရပါတယ်။ သူမဟာ ခိုးယူမိခဲ့တဲ့ ဆပ်ပြာတစ်တုံးအတွက် စိတ်ထဲမလုံမလဲနဲ့ အကြွေးတင်ခံနေရသလို နှစ်ကြာရှည်စွာ ခံစားနေရတာကြောင့် သူမအဆင်ပြေလာတဲ့အချိန်ရောက်လာတဲ့အခါ သူမခိုးယူစဉ်က ဆပ်ပြာထက် အရည်အသွေး အများကြီး ကောင်းမွန်တဲ့ အမွှေးဆပ်ပြာတွေကို ၎င်းဆိုင်ကို ပြန်သွားပြီး ပေးခဲ့တာပါ။


သူမက ဆိုင်ရှင်အား “ အဲ့ဒီအချိန်တုန်းက ကျမအမေက ဆပ်ပြာအရမ်းကို လိုအပ်နေပါတယ်။ ဆပ်ပြာဝယ်ဖို့ ပိုက်ဆံလုံးဝမရှိတဲ့အတွက် ကျမ အခုလို ခိုးခဲ့တာပါလို့ ” ရိုးသားစွာ ဝန်ခံခဲ့ပါတယ်။

နောက်ထပ် သူမက “ ကုန်လွန်ခဲ့တဲ့ နှစ်တွေထဲမှာ ကျမဟာ ကိုယ့်ကိုယ်ကို အပြစ်ရှိသလို ခံစားနေရပြီး အကြောင်းတိုက်ဆိုင်လို့ တွေးမိလိုက်တိုင်းမှာလည်း ဝန်ထုတ်ဝန်ပိုးကြီးတစ်ခုကို ထမ်းထားရသလို စိတ်ညစ်ရစေပါတယ်။ ဒါကြောင့် တနေ့နေ့တော့ ဒီကျေးဇူးကို ပြန်ဆပ်မယ်လို့ တွေးမိခဲ့ပါတယ်။ တကယ်လို့ ပြန်ပေးရမှာ ရှက်နေမယ်ဆိုရင်တော့ ကျမအတွက် တသက်လုံး နောင်တရနေရမှာ။ ပြီးတော့ အခုလို ခိုးယူမိခဲ့တာကလည်း ကျမဘဝအတွက် အဆိုးရွားဆုံးကိစ္စတစ်ခုပါပဲ ” လို့ ဆိုင်ရှင်ကို ရှင်းပြတောင်းပန်ခဲ့ပါတယ်။


ဆိုင်ရှင်အနေနဲ့က သူတောင်မသိလိုက်တဲ့ကိစ္စလည်းဖြစ်တဲ့အပြင် တကယ်လို့ သူသိရင်တောင် အခုချိန်မှာ ဘယ်လိုမှကို မမှတ်မိနိုင်တဲ့ကိစ္စတစ်ခုကို အခုလို ရိုးရိုးသားသားနဲ့ ပြောပြတဲ့အပြင် Qu ရဲ့ စိတ်ရင်းအမှန်ကိုပါ သိလိုက်ရတဲ့အတွက် အရမ်းကို ဝမ်မြောက်ကြောင်းပြောကြားခဲ့ပါတယ်။ နောက်တော့ ဆိုင်ရှင်က အဲ့အမွှေးဆပ်ပြာအတုံး(၁၀၀)ကို ကြည်ကြည်ဖြူဖြူလက်ခံခဲ့ပြီး သူတို့နေထိုင်ရာ မြို့ထဲက တကယ်ကို ဆပ်ပြာအသုံးလိုနေတဲ့ လူတွေဆီကို ပြန်လည်လှူဒါန်းခဲ့ပါတယ်။


တစ်ယောက်က ဖြူစင်မြင့်မြတ်တဲ့စိတ်ထားကောင်းကြောင့် ရိုးသားစွာဝန်ချတောင်းပန်ပြီး ပြန်ပေးခဲ့ပေမယ့် နောက်တစ်ယောက်က ကိုယ့်ကိုယ်ကျိုးအတွက် အသုံးမပြုဘဲ ပြန်လည် လှူဒါန်းခဲ့တာမို့ ကြားသိရမိသူတိုင်း တကယ့်ကို ဝမ်းသာပီတိဖြစ်ခဲ့ကြရပါတယ်။


Qu ရဲ့စိတ်ရင်းအမှန်ကိုသိလိုက်ရတဲ့ ဆိုင်ရှင်ကလည်း ထိုဆပ်ပြာတွေကို ကြည်ကြည်ဖြူဖြူလက်ခံခဲ့ပြီး မြို့ထဲက တကယ်ဆပ်ပြာအသုံးလိုနေတဲ့လူတွေကို ပြန်လည်လှူဒါန်းခဲ့ပါတယ်။

Video ကြည့်ရန် .......


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။