သမ္မတယာဉ်တန်းကို တားပြီး လူနာတင်ကားကို ဦးစားပေးခဲ့တဲ့ ရဲဝန်ထမ်းကြီး ဆုချီးမြှင့်ခံရ

တကယ်ကို မရှိသလောက်ရှားတဲ့ ဖြစ်စဉ်တစ်ခု အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ ဘယ်သူမဆို တကယ်တမ်းအရေးကြုံလာရင် ကိုယ့်အကြီးအကဲ၊ ကိုယ့်အထက်လူကြီးကိုပဲ ဦးစားပေးပြီးမှ ကျန်တဲ့ကိစ္စကို ဆက်လုပ်ကြတဲ့ လူတွေကြီးပါဘဲ။ ဒါပေမယ့် အခုတော့ အိန္ဒိယနိုင်ငံက ယာဉ်ထိန်းရဲဝန်ထမ်းတစ်ဦးရဲ့ လုပ်ရပ်ကြောင့် လူမှုကွန်ယက်တွေပေါ်မှာ အတော်လေး ဟော့နေပြီး ကမ္ဘာကျော်တယ်ပြောလို့ ရလောက်အောင် နာမည်ကြီးသွားခဲ့ပါတယ်။


ဖြစ်စဉ်အကျဉ်းချုပ်ကတော့ အိန္ဒိယသမ္မတ ပရာနက်ဘ်မူခါဂျီဟာ Namma Metro’s Green Line ကုမ္မဏီဖွင့်လှစ်ပွဲကို တက်ရောက်ဖို့ Bengaluru မြို့ကို အစောင့်အရှောက်၊ ဝန်ကြီးဝန်ငယ် စုံလင်စွာနဲ့ ရောက်ရှိလာခဲ့ပါတယ်။ ဒေသခံရဲတပ်ဖွဲ့နဲ့ တပ်မတော်တပ်ရင်းတွေဟာ VVIP အဆင့်လုံခြုံရေးမို့ အမှားမခံဘဲ ဂရုတစိုက်ဆောင်ရွက်ခဲ့ကြပါတယ်။


တကယ်တမ်းကျတော့ ဒီလို လမ်းကြောင်းမျိုးဆိုရင် လမ်းကြောင်းရှင်းလင်းရေးဖြစ်တဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့တွေက အဓိက တာဝန်ရှိတဲ့ သူတွေဖြစ်ပြီး တာဝန်လည်း ကြီးမားပါတယ်။ အဆိုပါ လမ်းကြောင်းမှာ ယာဉ်ထိန်းတပ်ဖွဲ့က ကြယ်(၂)ပွင့် ဗိုလ်ကြီးအဆင့်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ Nijalingappa ကတော့ မြို့ရဲ့ အချက်အချာကြတဲ့ အဝိုင်းပတ်မှာ တာဝန်ယူရပြီး လမ်းကြောင်းရှင်းလင်းရေး အတွက် တာဝန်ယူဆောင်ရွက်ရပါတယ်။


Nijalingappa တာဝန်ထမ်းဆောင်နေတဲ့ နေရာမှာ သမ္မတယာဉ်တန်းမလာခင်မှာ  နဲနဲစောစောရောက်လာတဲ့ လူနာတင်ကား တစ်စီးရောက်လာခဲ့ပါတယ်။ အရေးပေါ်ဥသြသံပေးတာရောက်လာတဲ့ လူနာတင်ကားကို Nijalingappa က သွားရောက်စစ်ဆေးချိန်မှာ ကားအတွင်း သွေးထွက်လွန်ဒဏ်ရာနဲ့ ကလေးလူနာတစ်ဦးကို တွေ့လိုက်ရပါတယ်။


ဒီအချိန်မှာပဲ သမ္မတယာဉ်တန်းရောက်လာခဲ့ပါတယ်။ Nijalingappa ဟာ ချက်ချင်းဘဲ လူနာတင်ကား ဖြတ်သန်းခွင့်ကို ဦးစားပေးလိုက်ပြီး သမ္မတယာဉ်တန်းကို တားဆီးလိုက်ပါတယ်။ လူနာတင်ကား ဖြတ်သန်းမောင်းနှင်သွားမှ သမ္မတယာဉ်တန်းကို သွားခွင့်ပေးခဲ့တာပါ။ ပထမတော့ လုပ်ဖော်ကိုင်ဘက်တွေရဲ့ အထက်အရာရှိတွေက ဒီလုပ်ရပ်ကြောင့် Nijalingappa ကို ရာထူးတော့ အနည်းဆုံးပြုတ်လိမ့်မယ်လို့ တွေးနေခဲ့ကြပါတယ်။


ဒါပေမယ့် မှန်ကန်တဲ့ လုပ်ရပ်ကို လုပ်ခဲ့တဲ့သူဖြစ်တဲ့အတွက် Nijalingappa ကိုတော့ Bengaluru မြို့တော်ဝန်က ဆုချီးမြှင့်ခဲ့သလို၊ ရဲမှူးကြီး Abhei Goyal ကလည်း ၎င်းရဲ့ တွစ်တာမှတစ်ဆင့် ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကဟာ ၂၀၁၇ ခုနှစ်က ဖြစ်ခဲ့တာဖြစ်ပြီး လေးစားအားကျထိုက်သော လုပ်ရပ်ဖြစ်၍ ဗဟုသုတအနေဖြင့် ဗီဒီယိုဖိုင် ရုပ်သံ မှတ်တမ်းပါ တွဲ၍ တင်ပြလိုက်ခြင်းဖြစ်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။