အရက်မူးနေတဲ့ သခင်အနားမှာ စောင့်ရှောက်ပေးခဲ့တဲ့ ခွေးလေး

တကယ်ကို ချစ်ဖို့လည်းကောင်း၊ အံ့သြဖို့လည်းကောင်းတဲ့ ကိစ္စလေးတစ်ခု တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ တရုတ်နိုင်ငံ Heilongjiang ၊ Daqin မြို့မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ယောက်ဟာ ဘာအကြောင်းကြောင့် အရက်တွေကို အလွန်အကျွံသောက်ခဲ့လည်းတော့ မသိပါဘူး။ သူမဟာ တော်တော်ကြီးကို မူးနေပြီး အိမ်တောင်မပြန်နိုင်ဘဲ လမ်းမပေါ်မှာ မူးပြီးအိပ်ပျော်သွားခဲ့ပါတယ်။ ဒါပေမယ့် သူမမွေးထားတဲ့ ခွေးလေးတစ်ကောင်ကတော့ သူမအနားမှာ တစ်ဖဝါးမှမခွာဘဲ ပြာယာခတ်ကာ ဖြစ်နေတာမို့ လူတွေပိုဂရုစိုက်မိခဲ့ကြပါတယ်။ 

လူအနည်းငယ် စည်ကားတဲ့နေရာမို့ သခင်ဖြစ်သူနဲ့ ခွေးလေးကို မြင်ပြီး တစ်ခုခု ကူညီချင်ပေမယ့်လည်း ခွေးလေးရဲ့ ရန်ပြုမှာကို ကြောက်တာကြောင့် လူနာတင်ကားကိုသာ ခေါ်ပေးလိုက်ကြပါတယ်။ ခွေးလေးက သခင်အနားမှာ လုံးဝကို မခွာဘဲ ဆေးရုံကားလာတဲ့ထိ စောင့်နေခဲ့ပါတယ်။ သိပ်မကြာခင် ဆေးရုံကားလည်း ရောက်လာရော သခင်ဖြစ်သူ အမျိုးသမီးကို လူနာတင်ကားပေါ်တင်လိုက်တဲ့ အချိန်မှာ ခွေးလေးဟာ မဆိုင်းမတွဘဲ ကားပေါ်ကို ခုန်တက်ပြီး သူ့ သခင်အခြေအနေကို စောင့်ကြည့်နေပါတယ်။

 

လူနာတင်ကားပေါ်မှ ဝန်ထမ်းတွေက ခွေးလေးကို မောင်းချပေမယ့် လုံးဝကို ဆင်းသွားခြင်းမရှိဘဲ မူးနေတဲ့ သခင်အနားမှာသာ ကပ်နေပါတယ်။ နောက်ဆုံးတော့ ဝန်ထမ်းတွေလည်း ဘယ်လိုမှလုပ်မရတဲ့အဆုံး ခွေးလေးကိုပါ ခေါ်ဆောင်သွားရပါတယ်။

သူနာပြုဝန်ထမ်း Yu Jingjing ပြောပြချက်အရ “ ဆေးရုံကို ရောက်လာတဲ့ အချိန်မှာ ခွေးလေးက သူတို့နဲ့အတူတူပါလာတယ်။ သူ့သခင်ကို ကုသဆောင်ထဲထည့်မယ်ဆိုတော့ သူအတင်းဝင်ဖို့ လုပ်တယ်။ ကျမတို့လည်း အတော်လေးကို မဝင်အောင်လို့ ကြိုးပမ်းလိုက်ရတယ်။ တကယ်ဆိုရင် ခွေးလေးကို ဆေးရုံထဲမပြောနဲ့ ဆေးရုံကားပေါ်တောင် တင်ခေါ်လာလို့ မရပါဘူး။ ပြီးတော့ ဒီခွေးလေးက တော်တော်ကို ချစ်တတ်တာပဲ ” ပြောပြပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။