ချစ်စရာခွေးကလေး Boo ကွယ်လွန်သွားရှာပါပြီ

Boo ဆိုရင် လူတိုင်းသိကြမှာပါ … ချစ်စရာမျက်နှာပေါက်လေးပိုင်ဆိုင်ထားပြီး ဓာတ်ပုံရိုက်တော့မယ်ဟေ့ ဆိုတာနဲ့ ပို့စ်လေးတွေအမျိုးမျိုးပေးတတ်သလို၊ IG, FB နဲ့ twitter ပေါ်မှာလည်း ကမ္ဘာတစ်ဝန်းက ပရိသတ်တွေအများကြီး ပိုင်ဆိုင်ထားသူ၊ လူချစ်လူခင်ပေါလွန်းတဲ့ Pomeranian အမျိုးအစားခွေးလေးပါ။

အခုတော့ Boo လေး မရှိရှာတော့ဘူး … ၂၀၁၉ ဇန်နဝါရီ ၁၉ ရက်၊ စနေနေ့ညပိုင်း ( ဒေသစံတော်ချိန် ) မှာ သူချစ်တဲ့ မိသားစု နဲ့ ပရိသတ်တွေကို အပြီးအပိုင်နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့ပြီ။
သူ့မိသားစု နဲ့ သူ့ကိုချစ်တဲ့ပရိသတ်တွေအတွက်တော့ January 19 2019 ဟာ ကမ္ဘာပျက်တဲ့ညပါပဲ။

အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး Boo ရဲ့ သခင်ဖြစ်သူက Boo လေးရဲ့ official FB page ကနေ အခုလိုပဲ အသိပေးခဲ့ပါတယ်။

“ ချစ်လှစွာသော Boo လေးရဲ့ ပရိသတ်များခင်ဗျာ …

ဒီကနေ့မနက်ပိုင်းမှာပဲ Boo လေးဟာ အိပ်ပျော်နေရင်းနဲ့ပဲ ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သူငယ်ချင်းတွေအားလုံးကို အကြောင်းကြားပါတယ် … ကောင်းကင်ဘုံက သူ့သူငယ်ချင်း Buddy လေးနဲ့ဆုံတွေ့ဖို့ ကျွန်တော်တို့အားလုံးကို သူထားခဲ့ပါပြီ။ ကျွန်တော်တို့ မိသားစုတွေအနေနဲ့ အရမ်းပဲ ကြေကွဲဝမ်းနည်းရတယ်။ ဒါပေမယ့် တစ်ခုဖြေသိမ့်စရာရှိတာက Boo အနေနဲ့ ဘာရောဂါဝေဒနာမှမခံစားရပဲ ငြိမ်းငြိမ်းချမ်းချမ်းလေး ကွယ်လွန်ခဲ့တာပါ။ သူအရမ်းချစ်တဲ့ သူငယ်ချင်း Buddy လေးအနေနဲ့ Boo ကို ကောင်းကင်ဘုံက သက်တန့်တံတားလေးပေါ်ကနေ ကြိုဆိုနေမယ်လို့ မျှော်လင့်တယ်။ ဒါဟာ သူငယ်ချင်းအဖြစ်နှစ်တွေအကြာကြီးရှိခဲ့တဲ့ သူတို့နှစ်ယောက်အတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံးအချိန်လေးဖြစ်မှာပါ။

Boo ရဲ့ လူမှူကွန်ယက်ကိုစဖွင့်လှစ်ပြီး သိပ်မကြာခင် လူအများကြီးဆီက စာတွေ၊ မက်ဆေ့ချ်တွေအများကြီးကျွန်တော်တို့ရပါတယ်။ Boo လေးကြောင့် သူတို့ရဲ့ တစ်နေ့တာဘယ်လောက်ထိပျော်ရွှင်စရာကောင်းသွားတယ်၊ အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်နိုင်ခဲ့တယ် ဆိုတာမျိုးပေါ့။ အဲ့ဒါကလည်း Boo Facebook page လေးရဲ့ရည်ရွယ်ချက်ပါပဲ။ တကယ်တော့ Boo လေးဟာ လူတိုင်းအတွက်ပျော်ရွှင်စရာတွေသယ်ဆောင်လာပေးတဲ့ Angel လေးတစ်ပါးလိုပါပဲ။ နောက်ပြီး ကမ္ဘာပေါ်မှာ ကျွန်တော်တွေ့ဖူးသမျှ ခွေးလေးတွေထဲက အပျော်ရွှင်တတ်ဆုံး ခွေးကလေးတစ်ကောင်ပါ။ လေ့ကျင့်ရတာလွယ်ကူတဲ့ကလေး၊ အမြီးလေးတစ်ယမ်းယမ်းနဲ့ချစ်ဖို့ကောင်းတဲ့ကလေး၊ လူချစ်လူခင်ပေါလွန်းတဲ့ ကလေးလေးပါ။

သူနဲ့ကျွန်တော်တို့ရှိခဲ့တဲ့နှစ်တွေထဲ Boo လေးက လူတွေအများကြီးနဲ့ဆုံတွေ့ခဲ့တယ်။ အရမ်းသဘောကောင်းပြီး တော်တဲ့ထက်တဲ့လူတွေနဲ့ပေါ့ .. ပြီးတော့ အဲ့ဒီလူတွေဆိုတာလည်း ကြင်နာတတ်ပြီး Boo ကို အရမ်းချစ်ကြတဲ့သူတွေပါ။ လူတွေက သူ့ဆိုရင် ဦးစားပေးကြတယ်။ ဓာတ်ပုံလှလှလေးတွေတူတူရိုက်တယ်။ သူတို့ရဲ့ အမှတ်တရဓာတ်ပုံတွေထဲမှာ Boo လေးကို ပါစေချင်ကြတယ်။ သူ့ရှေ့က သွားနှင့်တဲ့ Buddy လေးရော၊ အခု Boo လေးရဲ့နောက်ဆုံးအချိန်အထိ စေတနာမေတ္တာတွေအပြည့်ထားပြီး ကူညီပေးခဲ့ကြတဲ့ Adobe တိဆေးရုံ နဲ့ Sage ဆေးခန်းက ဆရာဝန်တွေ၊ ညီအကိုတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

Boo လေး အိမ်ကိုစရောက်တာ ၂၀၀၆ လောက်ကပေါ့။ အဲ့ဒီအချိန်ကနေ သူ့ရဲ့နောက်ဆုံးအချိန်လေးထိ အိမ်သူအိမ်သားတွေရော၊ သူနဲ့ပတ်သက်နေတဲ့သူတွေအားလုံးကို အနွေးထွေးဆုံးခင်မင်ရင်းနှီးခွင့်ကိုပေးခဲ့တယ်။ Buddy လေးဆုံးပြီးနောက်မှာတော့ Boo လေး ရဲ့နှလုံးသားမှာ ဒဏ်ရာရခဲ့ပုံပါပဲ။ Buddy ထွက်သွားခဲ့တော့ သူ့ရဲ့နှလုံးသားသေးသေးလေး နာကျင်ကြေကွဲရမှာ မမြင်ပဲနဲ့လည်းသိနေခဲ့ပါတယ်။ ဒါပေမယ့် Boo လေးက ရဲရင့်ခဲ့တယ်။ နှစ်တော်တော်ကြာတဲ့အထိ ကြေကွဲတဲ့နှလုံးသားတစ်စုံနဲ့အတူတူ သူတောင့်ခံနိုင်သလောက်တောင့်ခံခဲ့တယ်။ ဒါပေမယ့် အခုတော့ သူနှုတ်ဆက်ဖို့အချိန်ကျလာခဲ့တာပါ။ သူတို့သူငယ်ချင်းနှစ်ယောက် ကောင်းကင်ဘုံမှာဆုံတဲ့အချိန်လေးက ကြည်နူးစရာအကောင်းဆုံးအချိန်လေးဖြစ်မယ်ထင်ပါရဲ့။

နှစ်တွေအကြာကြီး Boo နဲ့ Buddy တို့ရဲ့ အူကြောင်ကြောင်ချစ်စရာအမူအရာလေးတွေကို မျက်စေ့နောက်ခံပြီး ကြည့်ပေးခဲ့ကြလို့ကျေးဇူးပါ။ သူတို့တွေလည်း သဘောကျကြမှာပါ။
အချစ်များစွာ၊ ကျေးဇူးများစွာဖြင့်

Boo’s Human

Boo လေးနဲ့ Buddy လေးရဲ့ ပရိသတ်တွေအားလုံးလည်း စာလေးဖတ်ပြီး သူတို့မိသားစုတွေ၊ ပရိသတ်တွေဘယ်လောက်ကြေကွဲနေရမလဲဆိုတာ ခန့်မှန်းနိုင်မှာပါ။
Boo လေးက ကောင်းသောသွားခြင်းနဲ့သွားတာပါ။ အခုလောက်ဆို သူနဲ့ Buddy လေးဟာ ကောင်းကင်ဘုံရဲ့တစ်နေရာ၊ ဘုရားသခင်ရဲ့ ဥယျာဉ်တော်ထဲ်မှာ ထာဝရငြိမ်းချမ်းသွားခဲ့ပြီလေ။

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။