ISIS စစ်သွေးကြွပေါင်း ၁၅၀၀ ကျော်ကို ရှင်းလင်းပစ်ခဲ့တဲ့ တကယ့်အပြင်က ရမ်ဘိုကြီး

ရမ်ဘို ( Rambo ) ဇာတ်ကားတွေကြည့်ဖူးကြတယ်မလား …

လူဆိုး ရာနဲ့ချီရှိတဲ့ စစ်စခန်းတွေကို စက်သေနတ်ကြီးတစ်လက် နဲ့ ဝင်သွား၊ မဲမဲမြင်ရာပစ်၊ လောင်ချာနဲ့ထု .. နောက်ဆုံး စစ်ဆင်ရေးကိုအောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့တဲ့ ရမ်ဘိုကြီးဇာတ်ကားတွေလေ။ တဖြည်းဖြည်းအသက်ကြီးလာတာနဲ့အမျှ အဲ့ဒီလို စူပါဟီးရိုးတွေဟာ လက်တွေ့ဘဝမှာမရှိလောက်ပါဘူးလို့ထင်ခဲ့တယ် …

တကယ်တော့ရှိနေပါတယ် ..

သူက စူပါဟီးရိုးတော့မဟုတ်ပါဘူး။ ဒါပေမယ့် အစ္စလာမ်မစ်တပ်မတော် က စစ်သွေးကြွပေါင်း ၁၅၀၀ လောက်ကို ရှင်းလင်းနိုင်ခဲ့သူပါ။ ဆာမာရာတိုက်ပွဲ၊ အလက်ပိုမြို့သိမ်းတိုက်ပွဲ စတဲ့တိုက်ပွဲကြီးတွေမှာ ပါဝင်ခဲ့သူဖြစ်ပြီး စစ်သွေးကြွတွေနဲ့ လက်တစ်ကမ်းတိုက်ပွဲတွေအထိ အတွေ့အကြုံရှိခဲ့သူလည်းဖြစ်ပါတယ်။

သူဟာ ဆီးရီးယားသမ္မတ အာဆတ် ကိုထောက်ခံသူဖြစ်ပြီး အမေရိကန်ထောက်ပံ့ထားတဲ့ အမှတ် ၁၅၅ ဆီးရီးယန်း ရှေ့ပြေးတပ် ( 155th Syrian Task Force ) က ကွန်မန်ဒါတစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ အမေရိကန်လုပ်ဖြစ်တဲ့ အမ်ဖိုး ရိုင်ဖယ် နဲ့ အမ်ကေ ၁၄ လက်ဖြောင့်ရိုင်ဖယ်တွေကို ကျွမ်းကျွမ်းကျင်ကျင်ကိုင်တွယ်နိုင်သလို လုပ်ကြံရေးမစ်ရှင် Stealth Kill & Assassination Operation တွေမှာလည်း ထိပ်ဆုံးကပါဝင်ခဲ့သူဖြစ်ပါတယ်။

လူပေါင်း ၁၅၀၀ ကိုသတ်ဖြတ်ထားလို့ သူ့ကိုနှလုံးသားမရှိသူ၊ ရက်စက်ကြမ်းကြုတ်သူလို့ထင်စရာရှိတယ်။ တကယ်တော့ မဟုတ်ပါဘူး။ သူဟာ အရင်က ကျောင်းဆရာတစ်ဦးပါ။ စာသင်ကျောင်းဗုံးခွဲတိုက်ခိုက်ခံရပြီး အပြစ်မဲ့ကျောင်းသားတွေ ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက်မှာတော့ သူဟာ ဆီးရီးယားစစ်တပ်ထဲကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ သူ့ရဲ့အသက်ဟာ ၄၅ နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့နာမည်ကတော့ အဘူလ် ဖာလစ်အက်ဇရယ်လ် လို့ခေါ်ပါတယ်။ နောက်ထပ် သူ့ရဲ့နာမည်ကတော့ Angel of Death ( မရဏတမန်တော် ) ပါ။

လူတိုင်းဟာ ဟီးရိုးအဖြစ်မွေးဖွားလာကြတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ယုံကြည်ချက် နဲ့ ခံယူချက်တစ်ခုက လူတစ်ယောက်ချင်းစီကို စူပါဟီးရိုး အဖြစ်ပြောင်းလဲပေးနိုင်တယ်ဆိုတာကို အက်ဇရယ်လ် က သူ့ရဲ့လုပ်ရပ်တွေနဲ့သက်သေပြသွားခဲ့ပါတယ်။

Gabriel
Source : militaryfunker



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။