ဇနီးနဲ့ သားသမီးတွေကို ချစ်လွန်းလို့ တမလွန်သို့ အပါခေါ်ခဲ့သူ

အင်ဒိုနီးရှားနိုင်ငံ၊ Sumatra တောင်ဘက်၊ Palembang မြို့က အသက် (၄၅)နှစ်အရွယ် Fransiskus Xaverius Ong ဆိုတဲ့ အမျိုးသားဟာ မိသားစုတစ်ခုလုံးကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုလည်း သေနတ်နဲ့ ပြန်ပစ်ခဲ့ပြီး သေကြောင်း ကြံစည်ခဲ့ပါတယ်။ Fransiskus ဟာ အဲ့လို လူသတ်မှုမလုပ်ခင်မှာ စာ(၂)စောင်ချန်ထားခဲ့ပြီး ၎င်းစာထဲမှာ ဇနီးသည်နဲ့ ကလေးတွေကို အရမ်းချစ်ပါကြောင်းနဲ့ သူတို့ကို လောကအလယ်မှာ ပစ်ထားခဲ့ဖို့ ဘယ်လိုမှကို မတတ်နိုင်လို့ပါဆိုပြီး ရေးသားထားခဲ့ပါတယ်။

Fransiskus ပစ်သတ်ခဲ့တဲ့ မိသားစုဝင်တွေကတော့ အသက် (၄၃)နှစ်အရွယ် ဇနီးသည် Margereth Yentin Liana ၊ အသက် (၁၈)နှစ်အရွယ် သားဖြစ်သူ Rafael Fransiskus နဲ့ အသက် (၁၁)နှစ်အရွယ် သမီးဖြစ်သူ Kathlyn Fransiskus တို့ဖြစ်ပြီး သူတို့ကို သေနတ်နဲ့ အနီးကပ် ပစ်သတ်ခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ မိသားစုရဲ့ အိမ်အကူဖြစ်တဲ့ Dewi ရဲ့ ပြောချက်အရ Fransiskus ဟာ အဲ့နေ့ည (၈)နာရီလောက်က ကော်ဖီသောက်ရင်း စန္ဒယားတီးနေခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် Fransiskus ဟာ စိတ်ညစ်တဲ့အခါတိုင်း စန္ဒယားတီးတတ်တယ်လို့လည်း သိရပါတယ်။ 

ဆက်လက်ပြီး Dewi က “ Fransiskus ဟာ အဲ့နေ့က ဒီအိမ်မှာရှိတဲ့ အိမ်အကူတွေအပါအဝင် သူ့ ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေကို ခေါ်ပြီး ငွေးကြေးအနည်းငယ်စီ ပေးခဲ့ပါတယ်။ နောက်တနေ့ရောက်တော့ အိမ်အကူတစ်ဦးက Kathlyn ကို ကျောင်းသွားဖို့ သွားနှိုးတဲ့အခါ သေဆုံးနေတာကို တွေ့ခဲ့ပြီး တစ်အိမ်လုံး ပြာယာခတ်သွားကြပါတယ်။ အဲ့နောက်မှာ ကလေးမလေး သေဆုံးနေတာကို တွေ့လို့ မိဘဖြစ်တဲ့သူတွေကို သွားပြောမယ်အလုပ် Fransiskus နဲ့ Margereth တို့ရဲ့ အခန်းတံခါးက လော့ခ်ချထားတဲ့အပြင် ဖုန်းခေါ်တာလည်း မကိုင်ခဲ့ပါဘူး။ ဒါကြောင့် ကလေးမလေး သေဆုံးနေတာရယ်၊ အဖေနဲ့ အမေဖြစ်သူကလည်း ဆက်သွယ်မရတာနဲ့ဘဲ နောက်ဆုံး ရဲစခန်းကို ဖုန်းဆက်အကြောင်ခဲ့ပါတယ်။ အဲ့တော့မှ (၄)လောင်းပြိုင် လူသေမှုကြီး ဖြစ်နေတာကို တွေ့ခဲ့ရတယ် ” လို့ ပြောပြခဲ့ပါတယ်။

တာဝန်ရှိ ရဲဝန်ထမ်းတစ်ဦးရဲ့ ပြောပြချက်အရ Fransiskus ဟာ မိန်းမဖြစ်သူကို အရင်ဆုံး သေနတ်နဲ့ ပစ်သတ်ခဲ့ပြီးနောက် အိပ်ပျော်နေတဲ့ သားနဲ့ သမီးကို အနီးကပ်ပစ်သတ်ခဲ့တာလို့ ပြောပြပါတယ်။ ဒါ့အပြင် Fransiskus ဟာ သူချစ်တဲ့ အိမ်မွေးခွေးနှစ်ကောင်ကိုလည်း ရေချိုးကန်ထဲ ထည့်ပြီး ရေနစ်သတ်ခဲ့ပါသေးတယ်။ အားလုံးပြီးသွားမှ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့တာပါ။

ဇနီးသည်နဲ့ သားသမီးတွေကို သတ်ရတဲ့အကြောင်းအရင်းကတော့ သူတို့ လင်မယားနှစ်ယောက်ကြားက ပြသာနာတချို့ကြောင့်ဖြစ်ပြီး အိမ်ထောင်ရေးဖောက်ပြန်သလိုဖြစ်နေတဲ့ Fransiskus ကို ဇနီးသည်မှ ကွာရှင်းခွင့်တောင်းရာကနေ အခုလို (၄)လောင်းပြိုင် လူသတ်မှု ဖြစ်သွားခဲ့တာလို့ ရဲတွေက သုံးသပ်ထားပါတယ်။

Fransiskus နောက်ဆုံး ချန်ထားခဲ့တဲ့ စာထဲမှာတော့ “ ကျနော် ဇနီးနဲ့ ကလေးတွေကို အရမ်းချစ်ပါတယ်။ သူတို့ကို ဒီလောကကြီးအလယ်မှာ အထီးကျန်စွာ မထားခဲ့နိုင်ဘူး ” လို့ ရေးသားထားပါတယ်။

Source; says.com

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။