အေးခဲလွန်းတဲ့အပူချိန်ကြောင့် ရှီကာဂိုမြို့မှာ ရထားသံလမ်းတွေကို အပူပေးဖို့ မီးရှို့နေ

လက်ရှိဖြစ်ပေါ်နေတဲ့ Polar Vortex ကြောင့် အမေရိကန်နိုင်ငံရဲ့ ၈၅ ရာခိုင်နှုန်းမှာ ထူထဲတဲ့နှင်းထုတွေ၊ တဖွဲဖွဲကျဆင်းနေတဲ့ နှင်းတွေနဲ့အတူတူ မြို့ကြီးတွေက ဖွေးဖွေးလှုပ်နေတယ်။

နှင်းတွေနေရာတိုင်းကျနေပေမယ့် အပူချိန်တွေကတော့ တစ်နေရာနဲ့တစ်နေရာ တူညီမှုမရှိပါဘူး။ နယူးယော့ခ်မှာလက်ရှိအပူချိန်ဟာ ၃၂ ဒီဂရီရှိနေပြီး ကျန်တဲ့ ပြည်နယ်တော်တော်များများမှာတော့ အနုတ်သုညမှတ်နားကို ကပ်နေပါပြီ။ ဒါပေမယ့် ရှီကာဂို ( Chicago ) မြို့ကတော့ ထူးထူးခြားခြားပဲ အနုတ် ၁၂ ဒီဂရီဆဲလ်စီးယပ်စ် ရှိနေတာကြောင့် တရားလွန်အေးခဲတဲ့အခြေအနေဖြစ်ပါတယ်။

အအေးဒဏ်ကိုခံစားရတဲ့အထဲမှာ လူတွေ၊ တိရစ္ဆာန်တွေအပြင် အဆောက်အဦတွေလည်း ပါဝင်နေပါတယ်။ အေးခဲလွန်းတဲ့အပူချိန်ကြောင့် ပြတင်းမှန်တွေဟာ ၂၄ နာရီရေခဲတွေသီးနေသလို၊ နေရာတော်တော်များများက ရေပန်းတွေ၊ ရေကန် နဲ့ မြောင်းတွေဟာလဲ ရေခဲပြင်တွေဖြစ်နေကြပါပြီ။ အဆိုးဆုံးကတော့ သွားရေးလာရေးခက်ခဲမှုပါ။ လမ်းမတွေပေါ်မှာ နှင်းတွေဖုံးပြီး ကားသွားလို့မရတာကြောင့် အခက်တွေ့ရတဲ့သူတွေဟာ ရထားစီးဖို့လုပ်တော့ ပိုပြီးဒုက္ခရောက်ကြရတယ်။ အကြောင်းကတော့ မီးရထားသံလမ်းတွေဟာ သုညမှတ်အောက် အပူချိန်ကြောင့် ကျုံ့သွားပြီး သံလမ်းဂဟေဆက်တွေနဲ့တေ့ဆက်တွေဟာ တစ်ခုနဲ့တစ်ခု ကွာဟကုန်ကြတယ်။ ဒါဟာ ရှီကာဂိုရဲ့ မီးရထားလမ်းပို့ဆောင်ရေးစနစ်ကို ပြန်လည်ပြင်ဆင်ဖို့ အချိန်ယူရမှာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကိုလည်းနှောင့်နှေးစေပါတယ်။

အဲဒီကိစ္စကို ရှီကာဂိုမြို့ခံတွေ နဲ့ မီးရထားအာဏာပိုင်တွေက ခဏလေးအတွင်းမှာဖြေရှင်းခဲ့တယ်။ အဲ့ဒါကတော့ အေးခဲနေတဲ့ ရထားသံလမ်းတွေကို မီးတွေရှို့လိုက်တာပါ။
သာမန်မီးတောက်တွေဟာ ဒီလိုအခြေအနေမှာ တောက်လောင်ဖို့ခက်ခဲတဲ့အတွက် ဂဟေဆော်တဲ့အခါသုံးတဲ့ အောက်ဆီဟိုက်ဒရိုဂျင်မီးတောက် နဲ့ ပရိုပိန်းအရည်တွေကို လောင်စာအဖြစ်သုံးပါတယ်။ အဲ့ဒီနောက်မှာတော့ မီးတောက်တွေဟာ အရမ်းမပြင်းတဲ့အရှိန်နဲ့အတူ သံလမ်းတွေပေါ်မှာ စတင်တောက်လောင်ပါတယ်။

ဒီနည်းလမ်းက အဆင်ပြေပါတယ်။ ဘာကြောင့်လဲဆို အေးခဲပြီး ရေခဲတွေကပ်နေတဲ့သံလမ်းတွေဟာ မီးတောက်တွေရဲ့အရှိန်ကြောင့် အရည်ပျော်သွားပြီး အပူရှိန်ကြောင့် ရထားသံလမ်းဂဟေဆက်တွေ ပြန့်ကားသွားတယ်။ တော်တော်လေးအလုပ်ဖြစ်တဲ့နည်းလမ်းပါ။

ဒါပေမယ့် မီးတောက်တွေဟာ နာရီအတိုင်းအတာတစ်ခုပဲခံတာကြောင့် မီးရထားအာဏာပိုင်တွေဟာ အဆိုင်းနှစ်ခုစီထားပြီး မီးတောက်တွေကို စောင့်ကြည့်ရပါတယ်။ နောက်ထပ်တစ်ခုရှိတာက မီးအဆက်မပြတ်တောက်လောင်နေမှုကြောင့် မီးရထားသံလမ်းတစ်ချို့အရည်ပျော်ပျက်စီးရတာပါပဲ။ ဒါပေမယ့် လက်ရှိအခြေအနေက အဆင်ပြေတာကြောင့် ပျက်စီးတဲ့နေရာတစ်ချို့ကို ပြန်လည်ပြင်ဆင်မှာဖြစ်ပြီး အောက်ဆီဟိုက်ဒရိုဂျင်မီးတောက်ဖျော့ဖျော့ကိုအသုံးပြုတာဟာ ရထားရဲ့မောင်းနှင်ရေးစနစ်ကို ထိခိုက်စေမှာမဟုတ်ဘူးလို့ အာဏာပိုင်တွေကဆိုပါတယ်။

နွေလလယ်ပွဲတော် ( Mid Summer fire festival ) ကျင်းပဖို့က အတော်လေးလိုသေးပေမယ့် ရှီကာဂိုမြို့ရဲ့ သံလမ်းတွေကတော့ အောက်ဆီဟိုက်ဒရိုဂျင်မီးတောက်ဖျော့ဖျော့လေးတွေနဲ့အတူ ရက်အတော်ကြာတဲ့အထိ တောက်ပနေဦးမှာဖြစ်ပါတယ်။

Gabriel
Source : googlenews





we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။