မိချောင်းဆွဲခံရတာသိပြီး သားဇောနဲ့ မိချောင်းကို နပန်းလုံးကာ သားကို ပြန်လုတဲ့ ဖခင်

ဖိလစ်ပိုင်နိုင်ငံ Palawan ဒေသ၊ Balabac ကျွန်းမှာနေထိုင်တဲ့ အသက်(၁၂)အရွယ် Diego Abdulhasan ဆိုတဲ့ ကောင်လေးကို မိချောင်းဆွဲတာ သိသွားတဲ့ ဖခင်ဖြစ်သူဟာ ကိုယ့်အသက်ကို မငဲ့ကွက်ဘဲ သားဇောနဲ့ ရေထဲကို ပြေးဆင်းကာ မိချောင်းနဲ့ နပန်းလုံးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်အရတော့ Diego ဟာ အိမ်အနားက သူငယ်ချင်းနှစ်ယောက်နဲ့အတူ ရေဆင်းကူးနေချိန်မှာ Diego ကို ရေအောက်က အရာတစ်ခုခုက ဆောင့်ဆွဲသလိုဖြစ်ခဲ့ပါတယ်။ သူငယ်ချင်းနှစ်ယောက်လည်း ရုတ်တရက်လန့်ဖြန့်သွားပြီး ကိုက်ဆွဲလိုက်တဲ့ ဒဏ်ရာကြောင့် အော်နေတဲ့ Diego ကို မြင်မှ မိချောင်းဆွဲနေတာကို သိလိုက်ကြပါတယ်။

အဲ့အချိန်မှာ Diego ရဲ့ ဖခင် Tejada Abulhasan ဟာ သားဖြစ်သူရဲ့ အော်ဟစ်သံကို ကြားပြီး ထွက်ကြည့်လိုက်တဲ့အခါ သားအကြီးဖြစ်သူကို မိချောင်းဆွဲနေတာကို တွေ့လိုက်ပါတယ်။ Diego ရဲ့ ဖခင်ဟာ တွေဝေမနေတော့ဘဲ ကိုက်(၁၀၀)လောက်ရှိတဲ့နေရာကို သားဇောနဲ့ တွေ့ရာ သစ်သားချောင်းတစ်ချောင်းကို ကောက်ကိုင်ပြီး အပြေးသွားခဲ့ပါတယ်။

Tejada ဟာ သားရှိရာကို အမြန်ကူးခတ်သွားပြီး မိချောင်းရဲ့ နှာနုရိုးကို လက်ထဲက သစ်သားချောင်းနဲ့ ထပ်ခါထပ်ခါ ရိုက်ပေမယ့် မိချောင်းက ဘာမှမဖြစ်ဘဲ ဆက်လက်ကိုက်ထားတာမို့ သူအခက်တွေ့နေခဲ့ပါတယ်။ နောက်ဆုံးမှာ Tejada ဟာ မိချောင်းရဲ့ ပျော့ပြီး မာကျောမှုမရှိတဲ့ နေရာကို လိုက်ရှာပြီး ကိုက်ရမယ်ဆိုတဲ့ ထူးဆန်းတဲ့ အတွေးဝင်ခဲ့ပါတယ်။ အဲ့နောက် Tejada ဟာ သူ့ရဲ့ အတွေးတိုင်းဘဲ မိချောင်းရဲ့ ခြေထောက်ကို အားရှိသမျှ အသားကုန် ကိုက်လိုက်ပါတယ်။  မာန်တင်းပြီး အားနဲ့ ဆင့်ကာ ဆင့်ကာ ကိုက်တဲ့ နာကျင်မှုဒဏ်ကြောင့် မိချောင်းလဲ နာကျင်ပြီး Diego ကို လွှတ်ချပေးကာ ရေထဲကို ငုတ်ဆင်းသွားပါတော့တယ်။

နောက်ဆုံးတော့ ကလေးငယ် Diego Abdulhasan ကို Balabac မြို့က ဆေးရုံကို အမြန်ဆုံးပို့ဆောင်နိုင်ခဲ့တဲ့အတွက် ဘာမှ စိုးရိမ်စရာမဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် မိချောင်း ကိုက်တဲ့ ဒဏ်ရာတွေကြောင့် မျက်နှာ၊ မျက်ခွံ၊ ခြေထောက်နဲ့ လက်တို့မှာ ကုတ်ရာခြစ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံမှာ (၂)ရက်ကြာ ဆေးကုသမှုခံယူခဲ့ရပါတယ်။

ဒီမိချောင်းကြောင့် (၂၀၁၈)နိုဝင်ဘာလတုန်းကလည်း ငါးဖမ်းသမားတစ်ဦး သေဆုံးခဲ့ရပါသေးတယ်။ ဒါ့အပြင် မကြာခဏ မိချောင်းဆွဲခံရမှုတွေ ဖြစ်ပေါ်နေပြီး မြစ်ကမ်းတလျှောက်မှာလည်း အရမ်းကို သောင်းကျန်းနေတယ်လို့ သိရပါတယ်။ အဲ့လို မိချောင်းဆွဲမှုတွေ ခဏ ခဏ ဖြစ်နေတဲ့အတွက် အာဏာပိုင်အဖွဲ့အစည်းတွေမှ လိုက်လံဖမ်းဆီးရာ ဖမ်းမိခဲ့ပြီး အဆိုပါ မိကျောင်းဟာ (၁၅)ပေနဲ့ (၆)လက်မ ရှည်လျားကာ Puerto Princesa ရှိ မိကျောင်းထိန်းသိမ်းရေးဌာနကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။